ချဲလ်ဆီး vs လီဗာပူး တို့ တွေ့ဆုံကြမယ့် အက်ဖ်အေဖလား ဖိုင်နယ် ပွဲစဉ်အပေါ် သုံးသပ်သွားခဲ့တဲ့ ရွိုင်ကိန်း

ချဲလ်ဆီးဟာ မနေ့ညက ၀င်ဘာလေမှာ ခရစ်စတယ်ပဲလေ့စ်ကို ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ကစားကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ လီဗာပူး အသင်းကတော့ စနေနေ့ညက မန်ချက်စတာစီးတီး အသင်းကို ခြေစွမ်းပြကာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး တစ်ရာသီအတွင်း ဖလားလေးလုံး အိမ်မက်ကို အသက်သွင်းထားနိုင်ခဲ့ပါတယ်။

ရွိုင်ကိန်းက လီဗာပူး အသင်းဟာ ချဲလ်ဆီးနဲ့ ရင်ဆိုင်သွားရမယ့် အက်ဖ်အေဖလား ဖို်င်နယ်ပွဲစဉ်မှာ သိသိသာသာ ရေပန်းစားတဲ့ အသင်း ဖြစ်တယ်လို့ ခံစားမိနေပြီး ယာဂန်ကလော့ဟာ လက်ရှိအချိန်မှာ ပက်ဂွာဒီယိုလာ ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာစီးတီးထက် ပိုမို ကောင်းမွန်တဲ့ လူစာရင်းကိုတောင် ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း တစ်ဦး ဖြစ်ပေမယ့်လည်း ကိန်းကတော့ လီဗာပူးရဲ့ နောက်ပိုင်း စွမ်းဆောင်ရည်တွေကို သဘောကျလျက် ရှိနေပြီး အိုင်ယာလန် လက်ရွေးစင်ဟောင်းက လီဗာပူးဟာ လက်ရှိ အချိန်မှာ စီးတီးထက် ပိုကောင်းတဲ့ လူအင်အားကို ပိုင်ဆိုင်နေတယ်လို့ ထောက်ခံခဲ့ပါတယ်။

ကိန်းက “ကျွန်တော်ကတော့ လီဗာပူးရဲ့ လူစာရင်းဟာ ဒီအချိန်မှာ မန်စီးတီး ထက်တောင် ပိုမို ကောင်းမွန်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီလိုပဲ ထင်ပါတယ်။ သူတို့ရဲ့ အရန်ခုံမှာ အရည်အသွေးမြင့် ကစားသမားတွေ အများအပြား ရှိနေပြီး အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီအချိန်မှာ အရှိန်အဟုန်ကောင်းကို ရနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ စီးတီးဟာ အရည်အသွေးမြင့် အသင်း အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အရန်အင်အားပိုင်းမှာ ဆိုရင် စနေနေ့က ကျွန်တော်တို့ ဒါကို မြင်တွေ့ခဲ့ရမှာပါ။ မန်စီးတီး အနေနဲ့ ကြားရက်က ပွဲစဉ်ကြောင့် လူအပြောင်းအလဲ ၂ ခု ၃ ခုလောက် လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ လူစာရင်းကို ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အက်ဖ်ဖလားဖိုင်နယ်မှာ ချဲလ်ဆီးရဲ့ အခွင့်အရေးနဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ကိန်းက “ဒီရာသီမှာ လီဗာပူးကို အနိုင်ယူသွားရမယ့် ဘယ်အသင်းမဆို အတော်လေး ပြင်းထန်တဲ့ အားထုတ်မှုကို လုပ်သွားရမှာ ဖြစ်ပါတယ်။ လီဗာပူးမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်း နဲ့ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပါတယ်။ သူတို့ဟာ ထက်မြက်နေဟန် တောင့်တင်းနေဟန် ရှိနေပါတယ်။ အရမ်းကောင်းတဲ့ လူစာရင်းနဲ့ အရမ်းကို ထူးချွန်တဲ့ မန်နေဂျာလည်း ရှိနေပါတယ်။ သူတို့ကို ရပ်တန့်ဖို့က အတော်လေးကို ခက်ခဲမှာပါ။ ချဲလ်ဆီး ကတော့ လီဗာပူးလောက် strong မဖြစ်သလို ထက်မြက်မှုလည်း မရှိပါဘူး။။” လို့ ဆိုသွားပါတယ်။

SM