အက်သလက်တီကို မက်ဒရစ် ကစားသမားတွေရဲ့ အပြုအမူကို ဝေဖန်ပြီး မန်စီးတီး ကစားသမားတွေ လုပ်ခဲ့သင့်တာကို ပြောပြလိုက်တဲ့ ဖာဒီနန်

ရီယိုဖာဒီနန် နှင့် လက်စ်ကော့ တို့ နှစ်ဦးဟာ အင်္ဂလန် ကလပ် မန်စီးတီး နဲ့ ပွဲက အက်သလက်တီကို မက်ဒရစ် ကစားသမားတွေရဲ့ အပြုအမူ ကို ဂုဏ်သိက္ခာ မရှိတဲ့ လုပ်ရပ်လို့ ပြောဆိုပြီး ဝေဖန် သွားခဲ့ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ မန်ချက်စတာစီးတီး အသင်းဟာ အက်သလက်တီကို မက်ဒရစ် အသင်း ကို ဂိုးမရှိ သရေကစားပြီး နှစ်ကျော့ပေါင်း ရလဒ် ၀-၁ နဲ့ ဆီမီးဖိုင်နယ် ကို တက်လှမ်း သွားခဲ့ပါတယ် ။

မန်စီးတီး အသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ရီးယဲလ်မက်ဒရစ် အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။ အက်သလက်တီကို မက်ဒရစ် နဲ့ မန်စီးတီး အသင်းပွဲမှာ ပွဲပြီးခါနီး ၁၀ မိနစ်ဟာ ပွဲရဲ့ အပြင်းထန်ဆုံး အချိန်အပိုင်းအခြား ဖြစ်ပြီး တီကို နောက်ခံလူ ဖီလစ်ပီ နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံရကနေ အစပြုခဲ့တာပါ ။

အဲ့ဒီနောက်မှာတော့ မန်စီးတီး နောက်ခံလူဟောင်း ဖြစ်တဲ့ ဆာဗစ် ဟာ ဂရီးလစ်ရှ် ၊ စတာလင် တို့နဲ့ အကြီးအကျယ် ရန်ပွဲ ဖြစ်ပွားခဲ့ပါတယ် ။ ပွဲအပြီး လှိုဏ်ခေါင်း အတွင်းမှာလည်း နှစ်ဖက် ကစားသမားတွေ ဆက်လက် အချင်းများခဲ့တာကြောင့် ရဲတွေ ဝင်ရောက် ဖျန်ဖြေ ပေးခဲ့ရပါတယ် ။

 

ဖာဒီနန် နဲ့ လက်စ်ကော့ တို့ကတော့ ပွဲအပြီး BT Sport မှာ အက်သလက်တီကို မက်ဒရစ် ကစားသမားတွေရဲ့ အပြုအမူ အပေါ် ဝေဖန် သွားခဲ့ပြီး မန်စီးတီး ကစားသမားတွေ အနေနဲ့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ အောင်ပွဲခံ ခဲ့သင့်တယ်လို့ ဆိုလိုက်ပါတယ် ။

” အက်သလက်တီကို မက်ဒရစ် ကစားသမားအချို့ရဲ့ အပြုအမူက ရွံစရာ ကောင်းပါတယ် ၊ သူတို့ရဲ့ အပြုအမူတွေကို သူတို့ ရှက်သင့်ပါတယ် ၊ အထူးသဖြင့် ဆာဗစ် ပေါ့ဗျာ ၊ အက်သလက်တီကို ကစားသွားတဲ့ ကစားပုံကို ချီးကျူးရမှာ အမှန်ပါ ။ ”

” သူတို့ မန်စီးတီး အသင်း ဟန်ချက်ပျက်သွားအောင် လုပ်နိုင်ခဲ့ပါတယ် ၊ ဘောလုံး အမြင် နဲ့ ပြောရရင်တော့ သူတို့ ကစားသွားတာ သိပ်ကောင်းတယ်လို့ ချီးကျူး ချင်ပါတယ် ၊ ဒါပေမယ့် ပွဲပြီးခါနီးမှာ ဖြစ်ပျက်သွားတာတွေကတော့ ကျွန်တော်တို့ မြင်တွေ့ချင်တဲ့ အရာမျိုး မဟုတ်ပါဘူး ။ ”

” မန်စီးတီး ကစားသမားတွေ အနေနဲ့ အက်သလက်တီကို ရဲ့ အရန်ခုံတန်းကို သွားပြီး သူတို့ရဲ့မျက်နှာရှေ့မှာ အောင်ပွဲ မခံတဲ့ အပေါ် မယုံကြည်နိုင်အောင် ဖြစ်ရပါတယ် ။ အဲ့ဒီလို အောင်ပွဲခံဖို့ သူတို့မှာ အခွင့်အရေး အပြည့် ရှိပါတယ် ။ ”

လက်စ်ကော့ကလည်း ” ခြုံပြောရရင်တော့ အက်သလက်တီကို က ဒုတိယအကျော့မှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် နောက်ဆုံး ၁၀ မိနစ်က သူတို့ရဲ့ အပြုအမူ တုန့်ပြန်ပုံတွေကိုတော့ လစ်လျူရှုပေးလို့ မရပါဘူး ၊ အဲ့ဒီ ဖြစ်ရပ်အတွက် ဆီမြွန်နီ တာဝန်ယူရမှာပါ ၊ နည်းပြကိုယ်တိုင်က အားပေးအားမြှောက် လုပ်တဲ့ပုံမျိုး ဖြစ်နေခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM