#Breaking_News: တန်ဟတ် ကို နည်းပြသစ် ခန့်အပ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက် ဟာ သူတို့ရဲ့ နည်းပြသစ် အဖြစ် အေဂျက် နည်းပြ တန်ဟတ် ကို ခန့်အပ်ဖို့ အတွက် အခြေခံ အချက်အလက်ပိုင်းဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း The Athletic ရဲ့ နာမည်ကျော် သတင်းထောက် ဒေးဗစ် အော်စတိန်း က အခိုင်အမာ ဖော်ပြလိုက်ပါတယ်။

အခု သဘောတူညီမှု ကို နှုတ်အားဖြင့် ရယူနိုင်ခဲ့တာလို့ ယုံကြည်ရပါတယ်။ စာချုပ်ဆိုင်ရာ အချက်အလက်ပိုင်းမှာတော့ 4 နှစ် စာချုပ် ချုပ်ဆိုလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အေဂျက်ဟာ လက်ရှိ အခြေအနေကို သဘောပေါက် ထားပြီးပြီ ဖြစ်သော်လဲ ၊ ယူနိုက်တက် နဲ့တော့ အပေးအယူ တည့်ဖို့ အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက် ဘက်လဲ ကာယကံရှင် နည်းပြ နဲ့ သဘောတူညီမှု ရရှိထားသည့်တိုင်အောင် စာရွက် စာတမ်း ကိစ္စတွေ ဆက်လက် လုပ်ဆောင်ရဦးမှာပါ။

လာမယ့် ဧပြီလ 17 ရက်နေ့မှာ Ducth Cup ဗိုလ်လုပွဲစဉ် အဖြစ် အေဂျက် နဲ့ PSV အသင်းတို့ ယှဉ်ပြိုင် ကစားဖို့ ရှိနေတာကြောင့် အဲဒီပွဲ မတိုင်ခင် အချိန်ထိ ၊ တရားဝင် ထုတ်ပြန် ကြေငြာချက်မျိုး ထွက်ပေါ်လာဖွယ် မရှိပါဘူး။

The Athletic ကတော့ တန်ဟတ် အတွက် နည်းပြ အဖွဲ့ဝင်တွေ ကိုပါ တစ်ပါတည်း ဖွဲ့စည်းပေးနိုင်ဖို့ ဆက်လက်ဆွေး နွေး ဆဲ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ တစ်ချိန်တည်းမှာ ယူနိုက်တက် ဟာ ဗိုလ်လုပွဲ ကစားဖို့ ရှိနေတဲ့  အေဂျက် နဲ့ တန်ဟတ် တို့ နှစ်ဖက်စလုံးကို လေးစားမှု အပြည့် ရှိကြောင်း ပြသနိုင်ဖို့ ကြိုးစားနေပါတယ်။

အခု ထွက်ပေါ်ထားတဲ့ သတင်းတွေ အပေါ် တန်ဟတ် ကို ကိုယ်စားပြုထားတဲ့ အေဂျင်စီ ဖြစ်တဲ့ SEG က မှတ်ချက် တစ်စုံ တစ်ရာ ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။

တန်ဟတ် ဟာ ယူနိုက်တက် ယာယီ နည်းပြ အဖြစ် လုပ်ကိုင်နေတဲ့ ရန်နစ် ရဲ့ နေရာကို အစားထိုးမှာ ဖြစ်ပြီး ၊ ဆိုးရှား ထွက်ခွာပြီးနောက် အိုးထရက်ဖို့ဒ် တာဝန်ရှိသူတွေ ဟာ အမြဲတမ်း နည်းပြ ခန့်အပ်ဖို့ အတွက် သူ့ကို ရွေးချယ်လိုက်တာပါ။

ပီအက်စ်ဂျီ နည်ပြ ပိုချက်တီနို ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ အပြည့်အ၀ ရှိနေသော်လဲ ဒီတစ်ကြိမ်မှာလဲ ယူနိုက်တက် နဲ့ ကံမစပ်ခဲ့ဘူးလို့ ပြောရမှာပါ။ တန်ဟတ် ဟာ ဘိုင်ယန် မြူးနစ် အရန်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ဟော်လန် ကို ပြန်လည် ရောက်ရှိလာခဲ့ကာ 2017 ခုနှစ် မှာ အေဂျက်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး 2019 ခုနှစ် မှာ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ အထိရောက်အောင် ပို့ဆောင် နိုင်ခဲ့ပါတယ်။

ဒါ့အပြင် 2019 ကနေ 2021 ခုနှစ် အတွင်း ဟော်လန် အမှတ်ပေးဖလားတွေ ကို ဆက်တိုက် သိမ်းပိုက် ထားသလို ၊ လက်ရှိမှာလဲ အမှတ်ပေးဇယားထိပ် 4 မှတ် အကွာ နဲ့ ရပ်တည်ထားဆဲ ဖြစ်ပါတယ်။

တန်ဟတ် ရဲ့ နည်းပြ ဘ၀ မှတ်တမ်း

တန်ဟတ် ဟာ သူ့ရဲ့ နည်းပြ ဘဝမှာ ဂိုး အဟက် အီးဂဲလ် ၊ ဘိုင်ယန် မြူးနစ် အရန်သင်း ၊ အူးထရက်ချ် နဲ့ အေဂျက် အသင်းတွေ ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

ဂိုး အဟက် အီးဂဲလ် အသင်းကို ဟော်လန် ပထမတန်း ဆီ ပို့ဆောင်ခဲ့ပြီး ၊ အဲဒီနောက်မှာတော့ ဘိုင်ယန် မြူးနစ် အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီ အချိန်က ဘိုင်ယန် မြူးနစ် ကို ပက်ဂွာဒီယိုလာ က ကိုင်တွယ်နေချိန် ဖြစ်ပြီး ၊ သူက အရန်အသင်းကို ကိုင်တွယ်ကာ ပက် ရဲ့ နည်းဗျူဟာတွေ ကို အနီးကပ် လေ့လာ ဆည်းပူးခွင့် ရရှိခဲ့ပါတယ်။

သူဟာ ဂျာမဏီ မှာ နှစ်ရာသီ ဝန်းကျင်ခန့် ကျင်လည်ခဲ့ပြီးနောက် ဟော်လန် ကို ပြန်လာခဲ့ကာ ၊ အူထရက်ချ် အသင်းက နည်းပြ + အားကစား ဒါရိုတ်တာ ရာထူး ကိုပါ ပူးတွဲ ခန့်အပ်ခဲ့ပါတယ်။ အူးထရက်ချ ် ကို 2 နှစ် ကိုင်တွယ်ပြီးနောက် 2017 ခုနှစ်မှာ အေဂျက် အသင်းဆီကို ဆက်လက် ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာ အေဂျက် အတွက် ဟော်လန် အမှတ်ပေးဖလား 2 လုံး နဲ့ ပြည်တွင်း ဖလား 2 လုံး ကို ဆွတ်ခူး ပေးထားနိုင်ခဲ့ ပါတယ်။

SM