လက်ရှိ ချန်ပီယံတို့ အကောင်းဆုံး အရှုံးသမား အဖြစ်နဲ့ ချန်ပီယံလိဂ်ကနေ နှုတ်ဆက်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် ၂ – ၃ ချဲလ်ဆီး ( Agg – ၅ – ၄ ) ပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲ ၂ပွဲအနက် ပရိသတ် အများစု မျှော်လင့်စောင့်စားခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ် – ချဲလ်ဆီး ပွဲမှာ ဧည့်သည် ချဲလ်ဆီး ဟာ မိနစ် ၈၀ မတိုင်ခင် အထိ ပွဲကို ၃ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီး epic comeback နဲ့ ပြန်လာဖို့ နီးစပ်ခဲ့ပါတယ် ။

သို့ပေမယ့် ချဲလ်ဆီး ဟာ အိမ်ရှင်ရဲ့ ပွဲပြီးခါနီး ချေပဂိုး တဂိုး ပြန်ပေးခဲ့ရသလို ၊ အချိန်ပို ပြန်အစ ၅မိနစ် အကြာမှာ နောက်ထပ် ချေပဂိုး တဂိုး ခွင့်ပြုခဲ့ရကာ ၊ ကွာတားအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

၁ ။ မထင်မှတ်ထားတဲ့ လက်ရှိ ချန်ပီယံတို့ရဲ့ တုန့်ပြန်မှု

ပထမအကျော့မှာ ၁ – ၃ ရလဒ်နဲ့ အရေးနိမ့်ထားတာဖြစ်လို့ ၊ တော်ရုံတန်ရုံ အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းဖက်ကို ဘာနေဗျူးကွင်းမှာ ၃ဂိုး အထိ ပြန်သွင်းပြီး ဦးဆောင်နေဖို့က မဖြစ်နိုင်သလောက် ရှိပါတယ် ။ ဒီလို mission impossible ကို လက်ရှိ ချန်ပီယံတို့ လုပ်ပြနိုင်ခဲ့ပါတယ် ။

၃ဂိုး ဟာ ချဲလ်ဆီးတို့ ဖန်တီးခဲ့တဲ့ အခွင့်အရေး အရေအတွက် ၊ ဂိုးပေါက် ခြိမ်းခြောက်မှု အရေအတွက်နဲ့ ယှဉ်လိုက်ရင် အလွန် နည်းပါးတဲ့ ပမာဏသာ ဖြစ်ပါတယ် ။ နောက်ဆုံးတော့ ချဲလ်ဆီး ဟာ ၄င်းတို့ရဲ့ အားနည်းချက် တရပ် ဖြစ်တဲ့ အဆုံးသတ် မသေချာမှုကြောင့်ပဲ ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်လိုက်ရတယ်လို့ အကြမ်းဖျင်း သုံးသပ်ရတော့မှာ ဖြစ်ပါတယ် ။

၂ ။ Form တက်နေတဲ့ မေဆင်မောင့်နဲ့ တီမို ဗာနာ

မနေ့ညက ပွဲမတိုင်မီ စနေနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ဒီ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးပေါင်း သွင်းဂိုး ၄ဂိုး အထိ ရှိခဲ့ပါတယ် ။ ဘာနေဗျူးက ပွဲမှာလည်း ဒီ တိုက်စစ် အတွဲအဖက်ကို အိမ်ရှင် ခံစစ်က ပွဲချိန် အများစု ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၊ မောင့်ရော ၊ ဗာနာပါ လှပတဲ့ သွင်းဂိုး တဂိုးစီ ရရှိခဲ့ပါတယ် ။

ချဲလ်ဆီးသာ ဒီပွဲကနေ ၃ဂိုးပြတ် အနိုင်ရပြီး ဆီမီးဖိုင်နယ်သာ တက်ခဲ့မယ်ဆိုရင် တီမို ဗာနာ ဟာ Man of the Match ဆုကို ရနိုင်လောက်တဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ ၄င်းရဲ့ အသင်းဟာ ချေပဂိုး ၂ဂိုး ပြန်ပေးပြီး ၊ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ရသလို ၊ ၄င်းဟာလည်း ၁ – ၃ ဖြစ်တဲ့ အချိန်မှာ လူစားလဲခံခဲ့ရပါတယ် ။

၃ ။ ပွဲအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိခဲ့တဲ့ VAR ရဲ့ အဆုံးအဖြတ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ပွဲမှာ VAR ရဲ့ အဆုံးအဖြတ်သာ မပါဝင်ခဲ့ဘူးဆိုရင် ၄ဂိုးပြတ် အထိ ပွဲကို ဦးဆောင်နိုင်ခဲ့မှာ ဖြစ်ပါတယ် ။ ပွဲချိန် ၆၂ မိနစ်မှာ မားကို့စ် အလွန်ဆိုရဲ့ rebound ကန်ချက်ဟာ ဂိုးပေါက်ထဲသို့ တန်းတန်းမတ်မတ် ဝင်ခဲ့ပေမယ့် ၊ ထိုပြန်လျှံထွက်လာတဲ့ ဘောလုံးဟာ အလွန်ဆိုရဲ့ လက်နဲ့ မဆိုစလောက် ထိခဲ့တာကြောင့် VAR မှ လက်ထိဘော အဖြစ် သတ်မှတ်ခဲ့ပါတယ် ။

ဒီမတိုင်ခင်မှာ ရီးရဲလ်မက်ဒရစ် ဒန်နီ ကာဗာဂျယ် ဟာ ဘောလုံးကို အရင် ဖြတ်ထုတ်ဖို့ ကြိုးစားခဲ့ပြီး ၊ ၄င်းရဲ့ ဖြတ်ထုတ်မှု က အလွန်ဆိုရဲ့ လက်ကို မရည်ရွယ်ပဲ ထိသွားခဲ့တာ ဖြစ်ပါတယ် ။ ဒီ အဆုံးအဖြတ်ဟာ ချဲလ်ဆီး အသင်းရဲ့ ပွဲရလဒ် အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိခဲ့တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး ။

၄ ။ ကွာခြားမှု ရှိခဲ့တဲ့ ၂သင်းအကြားက လူစားဝင် ကစားသမား အရည်အသွေး

ရီးရဲလ်မက်ဒရစ် ဟာ ပွဲပြီးခါနီးမှာ ဘရာဇီး လူငယ် တောင်ပံ ကစားသမား ရိုဒရိုင်ဂိုနဲ့ အခြား စပိန် တောင်ပံ ကစားသမား လူးကပ်စ် ဗက်စ်ကွက်ဇ် ၊ ပြင်သစ် လူငယ် ကွင်းလယ်လူ အက်ဒွာဒို ကာမာဗင်ဂါ တို့ကို လူစားလဲ အသုံးပြုခဲ့တာ အထူး ထိရောက်မှု ရှိခဲ့ပါတယ် ။ အိမ်ရှင်တို့ အတွက် အရေးပါတဲ့ ချေပဂိုးကို ရိုဒရိုင်ဂို က ပွဲပြီးခါနီး ၁၀ မိနစ် အလိုမှာ သွင်းယူပေးခဲ့ပါတယ် ။

တဖက်မှာ ဧည့်သည် ချဲလ်ဆီးရဲ့ လူစားဝင် ကစားသမားတွေဟာ အသင်းအပေါ် အထောက်အကူ ဖြစ်စေတာထက် ၊ ပိုပြီး နစ်နာမှုတောင် ဖြစ်စေခဲ့တယ်လို့ ယူဆရနိုင်ပါတယ် ။ လူစားဝင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ၊ ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ဟာ အပိုင် အခွင့်အရေး ၃ကြိမ်လောက် အထိ ရခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး ။

၅ ။ ရီးရဲလ်မက်ဒရစ်ကို ထပ်မံ ကယ်တင်ခဲ့ပြန်တဲ့ ဘန်ဇီမာ

၁၆သင်း အဆင့်မှာ ပီအက်စ်ဂျီဖက်ကို ဟက်ထရစ် သွင်းပြီး တကိုယ်တော် စွမ်းဆောင်ရည်နဲ့ ရီးရဲလ်မက်ဒရစ်ကို ကွာတားဖိုင်နယ် ပို့ပေးခဲ့တဲ့ ဘန်ဇီမာ ဟာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရာမှာလည်း နောက်ထပ် အံ့သြဖွယ် တကိုယ်တော် စွမ်းဆောင်မှုနဲ့ အတူ ၂ကျော့ပေါင်း ၄ဂိုး အထိ သွင်းခဲ့ပြီး ၊ ဆီမီးဖိုင်နယ်သို့ ပို့ဆောင်နိုင်ခဲ့ပါတယ် ။

ဘာနေဗျူးက ပွဲမှာ သာမန် မိနစ် ၉၀ အတွင်းမှာ ဘန်ဇီမာ တယောက် အပိုင် ကန်သွင်းခွင့် ၂ကြိမ် ရခဲ့ပြီး ၊ တကြိမ်မှာ ထိချက် လွဲခဲ့ကာ ၊ တကြိမ်မှာ ဘားမှန်ခဲ့ပါတယ် ။ သို့ပေမယ့် အချိန်ပိုမှာ ရခဲ့တဲ့ ခေါင်းတိုက်ခွင့်ကိုတော့ ယင်းပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမှားအယွင်းခံခဲ့ခြင်း မရှိပါဘူး ။

SPORTS MYANMAR