ဒါဝင် နူနက် ကို ခေါ်ယူဖို့ အပြိုင် စောင့်ကြည့်နေကြတဲ့ ယူနိုက်တက် ၊ ချဲဆီး နဲ့ ပီအက်စ်ဂျီ

ပြီးခဲ့တဲ့ ဇန်နဝါရီ ကာလ တုန်းက ပေါ်တူဂီ ပြည်တွင်းလိဂ် ထိပ်ဆုံး ဂိုးသွင်းသူ စာရင်းမှာ ဦးဆောင်နေတဲ့ ထိပ်တန်း ကစားသမား နှစ်ယောက် ရှိခဲ့ပါတယ်။ တစ်ယောက် က ပေါ်တို တောင်ပံ ကစားသမား လူးဝစ် ဒီယက်ဇ် ဖြစ်ပြီး ၊ အခြား တစ်ယောက် က ဘင်ဖီကာ အသင်းရဲ့ ဥရုဂွေး တိုက်စစ်မှုး ဒါဝင် နူနက် ဖြစ်ပါတယ်။

လူးဝစ် ဒီယက်ဇ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ကာလမှာ ကတည်းက လီဗာပူး ကို ပြောင်းရွှေ့လာခဲ့သလို ၊ ဒါဝင် နူနက် ကလဲ ရာသီ အကုန်မှာ ဥရောပ ထိပ်သီး ကလပ် တစ်ခုခုဆီ ပြောင်းရွှေ့ ကစားဖို့ ဟန်ပြန်နေပါပြီ။

လက်ရှိ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ထဲမှာ ပရီးမီးယားလိဂ် အင်အားကြီးတွေ ဖြစ်တဲ့ ယူနိုက်တက် ၊ ချဲဆီး နဲ့ ပြင်သစ် သူဌေး ကလပ် ပီအက်စ်ဂျီ အသင်းတွေက ထိပ်ဆုံးကနေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာတော့ လန်ဒန် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ ဝက်စ်ဟမ်း အသင်းတွေဟာ နူနက် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သည့်တိုင်အောင် ဘင်ဖီကာ က ရောင်းချဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် အထမြှောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

သို့သော် ဒီနှစ် ဘောလုံးရာသီမှာတော့ ဘင်ဖီကာ အသင်းက ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အထိ တက်ရောက် လာနိုင်ခြင်း နဲ့ အတူ သူ့ရဲ့ စွမ်းဆောင်ရည်တွေကိုလဲ အသင်းကြီး ကင်းထောက်တော်တော်များများ က သဘောကျလျှက် ရှိနေပါတယ်။

လူငယ် ကစားသမားတွေ နဲ့ စုဖွဲ့ရင်း လှပတဲ့ ကစားဟန် တစ်ခု တည်ဆောက်ပြထားတဲ့ အေဂျက် အသင်းဘက်ကို အသဲခွဲ ဂိုးသွင်းယူခဲ့သူက နူနက် ဖြစ်ပါတယ်။ သူဟာ လူးစားလဲ ဝင်ရောက်လာပြီးမှာ ခေါင်းတိုက်ဂိုး သွင်းရင်း အိမ်ရှင် အေဂျက် ပရိသတ်တွေကို မျှော်လင့်ချက် ကင်းမဲ့ စေခဲ့ပါတယ်။

ဒါ့အပြင် ကွာတား ဖိုင်တယ် ပထမ အကျော့ပွဲစဉ်မှာလဲ လီဗာပူး နောက်တန်းလို ကစားသမား စုဖွဲ့မှုမျိုးကို သူ့ရဲ့ တိုးအား ၊ ရုန်းအားတွေ နဲ့ ထိုးဖောက်ပြခဲ့သလို ၊ ဘင်ဖီကာ အတွက် တစ်လုံးတည်းသော ချေပဂိုး ကို သွင်းယူထားခဲ့သူပါ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ ယူနိုက်တက် ဟာ ဒါဝင် နူနက် ကို အလေးနက်ထား စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ နည်းပြသစ် ဖြစ်လာဖို့ အလားအလာများနေတဲ့ တန်ဟတ် ဟာ အေဂျက် နဲ့ အတူ နူနက် ကို ရင်ဆိုင် ကစားဖူးတာကြောင့် ၊ ဥရုဂွေး တိုက်စစ်မှုး ကို ခေါ်ယူပေးဖို့ ထောက်ခံချက် ပေးထားတာလား ဆိုတာတော့ စဉ်းစား ကြည့်ချင်စရာ ကောင်းလွန်းပါတယ်။

ချဲဆီး ကတော့ တိုက်စစ်မှုး စစ်စစ် လိုအပ်နေတဲ့ အသင်းမျိုး မဟုတ်ပေမယ့် ၊ တကယ်လို့ လူကာကူသာ အပြောင်းအရွှေ့ ဖြစ်ခဲ့ရင် အဲဒီ နေရာကို အစားထိုးဖို့ အတွက် ကြိုတင် ပစ်မှတ်ရှာထားတာမျိုးလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်က ပီအက်စ်ဂျီ ကလဲ ဘာပေ နေရာ အတွက် စောင့်ကြည့်ထားတဲ့ သဘောမျိုးမှာ ရှိနေပါတယ်။

အင်္ဂလန် က နာမည်ကြီး သတင်းထောက် ဒေးဗစ် အော့စတိန်း ကတော့ ဘင်ဖီကာ ဟာ ဒါဝင် နူနက်ဇ် အတွက် ပြောင်းရွှေ့ကြေး ကို ယူရို သန်း ၇၀ သန်းမှတ် ထားတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ဝင်စားတဲ့ အသင်းတွေကို ရှေ့လာမယ့် အပတ်တွေထဲမှာ လက်ခံ တွေ့ဆုံ ဆွေးနွေးပေးမှား ဖြစ်ပြီး ၊ ဈေးတည့် တာနဲ့ ကစားသမား ရဲ့ အေးဂျင့်တွေဆီ စာချုပ် ဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက် ညှိနှိုင်းခွင့် ပေးသွားဖွယ် ရှိနေပါတယ်။
ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ ဆိုရင် အာဆင်နယ် အသင်းကလဲ တိုက်စစ်မှုး ရှာပုံတော် ဖွင့်ထားနေပြီး ၊ နူနက် ကို စိတ်ဝင်စားနေဆဲလား ဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။

ဒါဝင် နူနက်ဇ် ရဲ့ ခြေစွမ်းကို မကြည့်ရသေးတဲ့ ပရိသတ်တွေ ရှိရင် ကြားရက် အန်ဖီးလ်မှာ ကစားမယ့် လီဗာပူး နဲ့ ပွဲစဉ်ကို စောင့်ကြည့်လို့ ရပါတယ်။

လီဗာပူး ပရိသတ်တွေတောင် ဥရုဂွေး ချာတိတ်ရဲ့ ခြေစွမ်းကို တော်တော်လေး သဘောကျနေကြတာပါ။

SM