အနာဂတ် နဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောဆိုလိုက်တဲ့ အမ်ဘာပေ

ပရိသတ် အများစု က အမ်ဘာပေ ဟာ ဒီရာသီ ကုန်တာ နဲ့ ရီးရဲ မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ ကစားလိမ့်မယ်လို့ ယူဆနေကြတာပါ။

စပိန် က ရီးရဲ မက်ဒရစ် အသားပေး သတင်းစာကြီးတွေ ဖြစ်တဲ့ Marca, AS တို့ ကလဲ ဘာပေ နဲ့ ရီးရဲ မက်ဒရစ် တို့ အကြားက သတင်းတွေကို စာဖတ်သူတွေ ရိုးမသွားအောင် ပုံစံအမျိုးမျိုး နဲ့ ထုတ်ဖော် ရေးသားလျှက် ရှိနေဆဲ ဖြစ်ပါတယ်။

သို့သော် ကာယကံရှင် ကိုယ်တိုင် ကတော့ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တစ်စုံတရာ မချမှတ်ရသေးဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုသွားခဲ့ပြီး ၊ စဉ်းစားရမယ့် အချက်တွေကို အသစ်အသစ်တွေ ပေါ်လာနေတယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင် ကျနော် က တရားဝင် ချပြမှာပါ။ အခုတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်မှာ အဖြေ မရှိပါဘူး။

တကယ်လို့ အခု ကတည်းက ဆုံးဖြတ်ချက် ချလိုက်တယ် ဆိုရင် ၊ ကောင်းတာတွေရော ဆိုးတာတွေပါ တာဝန် အပြည့် ယူထားရမှာပါ။ ကျနော် က အဲဒီ အတိုင်းပဲ အမြဲတမ်း ယူဆပါတယ်။

အနာဂတ် ကိစ္စနဲ့ ပတ်သက်ပြီး မဖုံးကွယ် ထားချင်ပါဘူး။ ကိုယ့် အတွက်နဲ့ ဘယ်သူ့ကိုမှလဲ မနစ်နာ စေချင်ဘူးလေ။ ကျနော့် ကိုယ့် အနာဂတ် အတွက် အကောင်းဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက်မျိုးကိုပဲ ချမှတ်မှာပါ။

လောလောဆယ်တော့ စဉ်းစားတုန်း ရှိပါသေးတယ် ဘာလို့လဲ ဆိုတော့ နောက်ထပ် စဉ်းစားရမယ့် အချက်တွေက တစ်ခုပြီး တစ်ခု ပေါ်လာနေလို့ပါ။ ကိုယ့်ကိုယ်ကိုလဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးပဲ ချနိုင်တာမျိုးပဲ ဖြစ်ချင်ပါတယ်။ ပရိသတ်တွေက ဒီအကြောင်းအရာအပေါ် သိချင်နေကြတာ နားလည်ပါတယ်။ ဒါပေမယ့် အချိန်တော့ နည်းနည်း ယူရဦးမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

သတင်း ထောက်တွေ ကတော့ “ပီအက်စ်ဂျီ မှာ ဆက်နေသွားဖို့ရော ဖြစ်နိုင်ချေ ရှိလား?” လို့ ဆက်လက် မေးမြန်းရာမှာတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားလေး က “သေချာတာပေါ့ဗျာ” လို့ တုန့်ပြန် သွားခဲ့ ပါတယ်။

ဘာပေ ရဲ့ စကားလုံး တစ်ချို့ကြောင့် သူ့ကို ဆုံးရှုံးရမှာ စိုးရိမ်နေကြတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေ အတွက် မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခဲ့ ပါတယ်။

ဒါ့အပြင် မနေ့ညက ကစားခဲ့တဲ့ လိုရီးယန့် နဲ့ ပွဲမှာ ပရိသတ်တွေ ငေးကြည့်ရလောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသကာ ၊ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲကို ဖန်တီး ရယူပေးသွားခဲ့ ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီ ဟာ 5-1 ရလာဒ် နဲ့ အနိုင်ရခဲ့ပြီး ဘာပေ က 2 ဂိုး သွင်းယူကာ နောက်ထပ် နေမာ သွင်းယူတဲ့ 2 ဂိုး နဲ့ မက်ဆီ သွင်းယူတဲ့ 1 ဂိုး ကိုလဲ သူကပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

ဘာပေ ဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲ ပေါင်းစုံ စုစုပေါင်း 38 ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး 28 ဂိုး သွင်းယူကာ ၊ ဂိုးဖန်တီးမှု 20 ကြိမ် အထိ စွမ်းဆောင်ပြပေးထားပါတယ်။

SM