ဆီနီဂေါ ဟာ လက်ရှိ အာဖရိက အကောင်းဆုံးအသင်း လို့ မှတ်ချက်ပေးလိုက်တဲ့ #ကလော့ပ်

ယာဂန် ကလော့ပ် ဟာ အာဖရိက ကနေ ထွက်ပေါ်လာခဲ့တဲ့ အကောင်းဆုံး ဘောလုံး သမား နှစ်ယောက် ကို ပိုင်ဆိုင်ခွင့်ရထားပါတယ်။ ထူးခြားတာ က အဲဒီ နှစ်ယောက် စလုံးဟာ လွန်ခဲ့တဲ့ 3 လ အတွင်း လက်ရွေးစင် အသင်းတာဝန် ကိုယ်စီ နဲ့ 3 ကြိမ် အထိ ထိပ်တိုက်ရင်ဆိုင် ကစားခဲ့ရပြီး ၊ မာနေး ရဲ့ ဆီနီဂေါ ကပဲ အသာစီး ရယူနိုင်ခဲ့ ပါတယ်။

ကလော့ပ် ကိုယ်တိုင် ကတော့ မို ဟာ သူ့ရဲ့ အီဂျစ် ကို အကောင်းဆုံး ဦးဆောင် ကစားနေတာ မှန်သော်လဲ ၊ ကစားသမား စာရင်းပိုင်းမှာတော့ ဆီနီဂေါ ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ မှတ်ချက် ပေးချက်ပေးသွားခဲ့ ပါတယ်။

“ ဆီနီဂေါ က ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်သွားတဲ့ အတွက် မာနေး အတွက် ပျော်မိပါတယ်။ သူကိုယ်တိုင် ဖန်တီးယူပေးသွားတာလို့တောင် ပြောလို့ ရပါတယ်။

တစ်ချိန်တည်းမှာပဲ မို အတွက် ကိုယ်ချင်းစာမိသလို ၊ စိတ်လဲ ပျက်မိပါတယ်။

ပင်နယ်တီ ကန်တဲ့ အနေအထားမှာ လေဆာမီးတွေ နဲ့ ဝိုင်းထိုးကြတာတော့ သိပ်ပြီး အဆင်မပြေပါဘူး။ အဲဒီ အတွက် သူနေရာက ခံစားမိသလို ၊ မာနေး အတွက်လဲ ဂုဏ်ယူမိပါတယ်။ ဒါက ဘောလုံး ကစားနည်းပါ ၊ အရှုံး အနိုင်တွေ ကြားမှာ ကျနော်တို့က ကျင့်သားရနေပါပြီ။

ထိပ်တန်း အသင်းကြီးတွေ အရေးပါတဲ့ ပွဲစဉ်မျိုးတွေ ကစားကြချိန်မှာ ဒီလိုပဲ အဖြေထုတ်ကြရပါတယ်။ ကစားသမား နှစ်ယောက် စလုံးက ပရော်ဖက်ရှင်နယ် ပီသတဲ့ သူတွေပါ ၊ ပြီးတော့ စိတ်ခံစားချက်လဲ ပြင်းကြပါတယ်။ ကျနော် ပြောနိုင်တာ တစ်ခုက နှစ်ယောက် စလုံးဟာ မှန်မှန်ကန်ကန် နဲ့ ပြန်လည် ပူးပေါင်းသွားမှာပါ။

ဆီနီဂေါ ဟာ လက်ရှိ အာဖရိက ရဲ့ အကောင်းဆုံး အသင်းဆိုတာ သံသယ ဖြစ်စရာကို မလိုပါဘူး။ အီဂျစ် ရဲ့ စွမ်းဆောင်ရည်ကလဲ ကောင်းပါတယ်။ သူတို့ဟာ ဆီနီဂေါ နဲ့ အရှုံး အနိုင်ပေါ်ဖို့ 2 ကြိမ် စလုံး ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။ ပြိုင်ဘက်ကောင်း တစ်သင်း အနေနဲ့ ဒါပဲ အနီးစပ်ဆုံး လုပ်ပြနိုင်ခွင့် ရှိပါတယ်။

ဆီနီဂေါ ဟာ ပင်ကိုယ်ပါရမီ ပြည့်ဝတဲ့ ကစားသမားတွေ အရမ်းကို ပေါတယ်ဗျာ။ အီဂျစ် ကတော့ စိတ်ဓါတ်နဲ့ ကစားတာပါ။ သူတို့ ကတော့ အဲဒီလိုမျိုး မြင်ကြရဲ့လား မပြောတတ်ပါဘူး။ ကျနော့် အမြင်ကတော့ အဲဒီ အတိုင်းပဲ မြင်ပါတယ်။

နောက်ထပ် အကြောင်းအရာ တစ်ခုကို ပြောရရင် အီဂျစ်သာ အခြား ပြိုင်ဘက် တစ်သင်းနဲ့ တွေ့ခဲ့မယ် ဆိုရင် သူတို့ဟာ ကမ္ဘာ့ဖလား ဝင်ခွင့် လက်မှတ်ကို ဆုပ်ကိုင်ထားလောက်ပြီးပါပြီ။ ဒါပေမယ့် ဆီနီဂေါ ဖြစ်နေပြန်တော့ ၊ သူတို့ ရဲ့ အားထုတ်မှု က လုံလောက်မှု မရှိခဲ့ဘူးလေ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အတွင်း ကျင်းပခဲ့တဲ့ အာဖရိက ဖလား ပြိုင်ပွဲမှာ မာနေး နဲ့ ဆာလာ တို့ နှစ်ယောက် စလုံးကို ပြိုင်ပွဲ အစ အဆုံး လက်လွှတ်ပေးထားခဲ့ရတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလမှာလဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ်တွေ အဖြစ် အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ ဆက်တိုက် ကစားခဲ့ပြီး ၊ နှစ်ကျော့ပေါင်း သရေ ရလာဒ် ထွက်နေတဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ဆီနီဂေါ ကပဲ နောက်တစ်ကြိမ် အနိုင်ရရှိသွားခဲ့ ပါတယ်။

ပိုထူးခြားတာ က မနေ့ညက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု မဲခွဲ ပွဲမှာလဲ ဆီနီဂေါ ဟာ နယ်သာလန် နဲ့ တစ်အုပ်စုတည်း ကျရောက်လျှက် ရှိနေပါတယ်။

ဒါကြောင့် မာနေး အနေနဲ့ ဆာလာ ကို ရင်ဆိုင် ကစားအပြီးမှာ ၊ နောက်ထပ် လီဗာပူး ကစားဖော်ကြီး ဖြစ်တဲ့ ဗန်ဒိုက် နဲ့ ရင်ဆိုင် ကစားရဦးမှာပါ။

SM