လီဗာပူး ကို လျှော့တွက်ထားလို့ မရဘူးလို့ ဆိုလိုက်တဲ့ ဒန်နီ မာဖီ

လက်ရှိ မန်စီးတီး ရဲ့ ခြေစွမ်း နဲ့ 11 မှတ် အထိ ကွာဟလွန်းနေတဲ့ အချက်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို အီတီဟတ် ကွင်းကြီးထဲမှာ ပဲ ဆက်လက် ထိန်းထားလိမ့်မယ်လို့ ပရိသတ်တွေ အားလုံးက သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။

သို့သော် လီဗာပူး ကွင်းလယ် ကစားသမားဟောင်း ဒန်နီ မာဖီ က ကလော့ပ် ရဲ့ အသင်းကို လျှော့တွက်လို့ မရသေးဘူးလို့ သတိပေးလိုက်ပြီး ၊ မဖြစ်နိုင်တာတွေကို ဖြစ်အောင် လုပ်ပြတတ်တဲ့ အချက်တွေကို အခုလို ဆွဲထုတ် ပြသွားခဲ့ ပါတယ်။

“ လီဗာပူး ရဲ့ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓါတ်နဲ့ တိုက်ပွဲ ဝင်ထားတဲ့ မှတ်တမ်းတွေကို ဒီအချိန်မှာ ပြန်ပြီး အမှတ်ရဖို့ သိပ်ကောင်းပါတယ်။ လက်ရှိ အနေအထား အရ မန်စီးတီး ကို အမှီလိုက်ဖို့ ဆိုတာ တော်တော်လေးကို မဖြစ်နိုင်တော့ပါဘူး ။ ဒါပေမယ့် ကလော့ပ် ရဲ့ အသင်းဟာ ဘယ်သူမှ ထင်မထားတဲ့ အကြောင်းအရာတွေကို ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း လုပ်ပြထားခဲ့တယ်လေ။

မန်စီးတီး ကို ချန်ပီယံဆု ကာကွယ်နိုင်ခြင်း မရှိအောင် တားဆီးပြဖို့ ဆိုတာ မယုံကြည်နိုင်လောက်အောင် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြနိုင်မှပဲ မျှော်လင့်ချက် ရှိပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူး ရဲ့ အဲဒီလို ဇွဲကြီးကြီး နဲ့ တိုက်ပွဲ ဝင်တတ်တဲ့ အကျင့်လေးတွေကို ကျနော်က ဆွဲထုတ်ကြည့်ရုံပါ။

ပထမ ဆုံး အနေနဲ့ လီဗာပူး ဟာ ပွဲစဉ်တွေ ကို ဆက်တိုက် အနိုင်ယူပြနိုင်စွမ်း ရှိတဲ့ အသင်းပါ။ 2018-2019 ဘောလုံး ရာသီ က ဆိုရင် နောက်ဆုံး စက္ကန့်အထိ မန်စီးတီး ကို တိုက်ပွဲ ဝင်ပြခဲ့ပါတယ်။ 2019-2020 ဘောလုံးရာသီ ရောက်တော့ သူ့တို့ မှာ အခွင့်အရေး မရှိတော့ဘူးလို့ အားလုံးက မှတ်ချက်ပေးနေတဲ့ အကြားက စံချိန်မှတ်တမ်းပေါင်း များစွာ နဲ့ အမှတ်ပေးဖလား ကို သိမ်းပိုက် ပြနိုင်ခဲ့တယ်လေ။

အချက်အလက် ဆိုင်ရာ တစ်ချို့ ကို ပြန်ပြီး ကိုးကားရရင် ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း မန်စီးတီး ကို ပုခုံးချင်း ယှဉ် ဖိအားပေးနိုင်ခဲ့တာ သူတို့ တစ်သင်းပဲ ရှိသလို ၊ မန်စီးတီး ရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်းကလဲ သူတို့ အသင်းပါပဲ။

ဒါကြောင့် ကလော့ပ် ကစားသမား တွေရဲ့ ခံနိုင်ရည်စွမ်းက မြင့်မားတယ်လို့ ကျနော်က ပြောချင်တာပါ။ အခြား ပရိသတ်တွေ ကတော့ ချန်ပီယံ တိုက်ပွဲ အတွက် အဖြေပေါ်နေပီလို့ ပြောနေကြသည့်တိုင်အောင် ၊ သူတို့ အတွေးမှာ အဲဒီလိုမျိုး တွေးမှာ မဟုတ်ပါဘူူး။

ကျနော် ကိုယ်တိုင်လဲ မန်စီးတီး ပဲ ဖလား ဆွတ်ခူးလိမ့်မယ်လို့ ထင်မြင်နေတုန်းပါပဲ။ ဒါပေမယ့် ကစားရမယ့် ပွဲစဉ်တွေက အများကြီး ကျန်နေသေးတယ်လေ။

တကယ်လို့ လီဗာပူး ကလဲ လက်ရှိ ပုံအတိုင်း ဆက်ထိန်ထားနိုင်မယ် ၊ မန်စီးတီး ကလဲ ရလာဒ်တွေ ဆက်ကောင်းနေဦးမယ် ဆိုရင် ဧပြီလမှာ ကစားမယ့် အီတီဟတ် က ပွဲစဉ်က အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။ အဲဒီပွဲ က အဖြေထုတ်နိုင်ဖို့ အတွက် ဒီကြားထဲမှာ နှစ်သင်းစလုံး အမှားခံလို့ မရပါဘူး။

ဆာလာ ၊ မာနေး တို့ကို ဆုံးရှုံးလိုက်ရပေမယ့် ၊ ကာတစ် ဂျုံး နဲ့ ချန်ဘာလိန် တို့ ပြန်လည် ပါဝင်လာချိန်မှာ လီဗာပူး ရဲ့ ကစားပုံက တည်ငြိမ်မှု ရှိတဲ့ အပြင် အခွင့်အရေး ဖန်တီးတဲ့ အပိုင်းမှာလဲ ပိုပြီး ကောင်းမွန်လာပါတယ်။ အဲဒီ နှစ်ယောက်ကြောင့် လီဗာပူး ရဲ့ ကွင်းလယ် ဖန်တီးမှု ပိုင်းက ပိုပြီး ကောင်းလာဖွယ်ရှိလို့ ၊ ဒါဟာ လီဗာပူး ရဲ့ လိုအပ်နေတဲ့ အချက်နဲ့ ကွက်တိပဲလို့ ပြောချင်ပါတယ်။

ဂျော်တာ ၊ ဖာမီနို ၊ ချန်ဘာလိန် တို့ အတွဲဟာ ထိုးဖောက်တဲ့ အပိုင်းမှာ ထိရောက်မှု အားနည်းနေသေးတယ် ဆိုပေမယ့် ၊ သူတို့ ပုံစံ ကြည့်ရတာ ရုန်းကန်နေရတယ်လို့ မမြင်မိသလို ၊ ခွန်အားအပြည့် နဲ့ ကစားပေးနေကြတာပါ။ ဒါကြောင့် ကျနော်က လီဗာပူး ကို လျှော့တွက်ထားလို့ မရဘူးလို့ ဆိုချင်တာ ဖြစ်ပါတယ်” လို့ သုံးသပ်သွားခဲ့ ပါတယ်။

SM