မြောက်လန်ဒန်ဒါဘီကို ရွှေ့ဆိုင်းပေးခဲ့တဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ ဝေဖန်လိုက်တဲ့ မားကို့စ် အလွန်ဆို

ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဟာ ကနဦးမှာ မနေ့ည က ကစားရမှာ ဖြစ်တဲ့ မြောက်လန်ဒန်ဒါဘီ တော့တင်ဟမ် – အာဆင်နယ် ပွဲကို တရားဝင် ရွှေ့ဆိုင်းပေးခဲ့ပါတယ် ။ ဧည့်သည် အသင်း အာဆင်နယ် ဟာ ပထမ အသင်းသား မလုံလောက်တဲ့ အကြောင်းပြချက်နဲ့ ထိုပွဲကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ ပြီးခဲ့တဲ့ သောကြာနေ့က တောင်းဆိုခဲ့ပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ်ဖက်မှ ရွှေ့ဆိုင်းပေးခဲ့တဲ့ ပွဲအများစု ဟာ ကိုဗစ် ပေါ့စတစ် အဖြေ အရမ်း များပြားလွန်းတဲ့ အသင်းတွေ ပါဝင်ခဲ့တဲ့ ပွဲတွေသာ ဖြစ်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ပွဲစဉ် ၂၂ က စပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဟာ ထိုသတ်မှတ်ချက်ကို ဖောက်ဖျက်ကာ ၊ ၂ပွဲ အထိ တရားဝင် ရွှေ့ဆိုင်းပေးခဲ့ပါတယ် ။

စနေနေ့မှာ ကစားဖို့ ကနဦး စီစဉ်ထားခဲ့တဲ့ ဘန်လေ – လက်စတာ ပွဲမှာ ဧည့်သည် လက်စတာမှ ကိုဗစ် ပေါ့စတစ် အဖြေထွက်ထားတဲ့ ကစားသမား အနည်းငယ်ကို ဒဏ်ရာ ၊ အာဖရိကဖလား သွားရောက် ယှဉ်ပြိုင်နေတဲ့ ကစားသမား အရေအတွက်ပါ ပေါင်းပြီး ၊ ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ထိုပွဲကို ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှ ရွှေ့ဆိုင်းပေးခဲ့ပြီးနောက် ၊ အာဆင်နယ် ဟာလည်း ထိုနည်း အတိုင်း ပွဲရွှေ့ဆိုင်းပေးဖို့ ထပ်မံ တောင်းဆိုခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခြား ပရီးမီးယားလိဂ် ကလပ်တွေနဲ့ ဝေဖန်သုံးသပ်ရေးသမားတွေ အကြား မတူညီတဲ့ အမြင် များစွာ ထွက်ပေါ်လာခဲ့ပါတယ် ။

ဒီရာသီ ပွဲရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး မမျှမတ ဆက်ဆံခံခဲ့ရတဲ့ အသင်း အနည်းစုမှ တသင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ကိုဗစ်ကြောင့် မဟုတ်ပဲ ၊ အခြား အကြောင်းအရင်းတွေကြောင့် ကစားသမား မစုံမလင် ဖြစ်ခဲ့တယ် ဆိုရင် ပွဲရွှေ့ဆိုင်းမှု လုပ်ပေးဖို့ မသင့်ကြောင်း ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ဖူးပါတယ် ။

အလားတူ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် ကလည်း ဒီလို ပွဲရွှေ့ဆိုင်းမှုတွေနဲ့ ပတ်သက်ပြီး အခြား အသင်းတွေဟာလည်း နောက်ပိုင်း အခွင့်ကောင်း ယူလာကြနိုင်တဲ့ အတွက် ရပ်တန်းက ရပ်ဖို့ တောင်းဆိုခဲ့ပါတယ် ။

အခု နောက်ဆုံးမှာတော့ ချဲလ်ဆီး အသင်းရဲ့ စပိန် ဝါရင့် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို က မြောက်လန်ဒန်ဒါဘီ ရွှေ့ဆိုင်းပေးခဲ့တဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက် အပေါ် အခုလိုပဲ မေးခွန်းထုတ် ဝေဖန်သွားခဲ့ပါတယ် ။

အလွန်ဆို က ” လတ်တလော ကာလ ဟာ အသင်းတိုင်း အတွက် ခက်ခဲပါတယ် ။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ လူတိုင်း အတွက် တသမတ်တည်း ဖြစ်နေသင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ အသင်း အားလုံး ဟာ မှန်မှန်ကန်ကန် အရေးယူ ဆုံးဖြတ်မှုကို ခံရသင့်ပါတယ် ။ ”

” ကျွန်တော်တို့ ဆိုရင်လည်း လွန်ခဲ့တဲ့ လအတွင်း ကစားသမား အများအပြား အကြောင်း အမျိုးမျိုးကြောင့် ကစားပေးနိုင်ခြင်း မရှိခဲ့တာတောင် ၊ ပွဲတွေကို မရပ်မနား ယှဉ်ပြိုင်ပေးခဲ့ရပါသေးတယ် ။ တချို့ပွဲတွေဆို နောက်ခံလူ ၄ယောက် အတိပဲ ကျန်တဲ့ အထိ ဖြစ်ခဲ့တာပါ ။ ”

” ပရီးမီးယားလိဂ် ဟာ အသင်းတိုင်းကို တန်းတူညီမျှတဲ့ ဆုံးဖြတ်ချက်မျိုးပဲ ချရမှာပါ ။ အခုဟာ က တချို့ပွဲတွေကို ရွှေ့ဆိုင်းပေးပြီး ၊ တချို့ပွဲတွေကိုတော့ ဘူးခံငြင်းခဲ့တာကို တွေ့နေရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR