စာချုပ်သစ် မချုပ်နိုင်သေးတဲ့ ကြယ်ပွင့် ၃ဦး အနက် ၂ဦးကို ချဲလ်ဆီးတို့ ဆက်ထိန်းနိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဂါးလက်စ်

ချဲလ်ဆီး အသင်း ဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကစားသမားသစ် ခေါ်ယူဖို့ထက် ၊ ရာသီ အကုန်မှာ စာချုပ် သက်တမ်းပြည့်မြောက်တော့မယ့် နောက်ခံလူ ၃ဦး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ဆီဆာ အက်ဇ်ပီလီကွီတာ တို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ် ။

ထို ၃ဦးထဲက ၂ဦးကို ဆက်လက် ထိန်းသိမ်းနိုင်လိုက်မယ်ဆိုရင် ၊ ဒီနှစ် ဆောင်းရာသီ စျေးကွက် အတွင်း ချဲလ်ဆီးတို့ အမြတ်ထွက်သွားပြီလို့ ယူဆရမှာ ဖြစ်ပါတယ် ။ နောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ ၄င်းတို့ ၃ဦးလုံးရဲ့ ချဲလ်ဆီး က အနာဂတ် ဟာ လေထဲမှာသာ ရှိနေသေးကြောင်း သိရပါတယ် ။

ပထမ တကြိမ် စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားတဲ့ ဂျာမန် လက်ရွေးစင် ခံစစ်မှူး ရူဒီဂါ ဟာ ကလပ်ဖက်မှ သူ မျှော်မှန်းထားတဲ့ လစာ ပမာဏနဲ့ နီးစပ်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ နောက်တကြိမ် ကမ်းလှမ်းလာမယ် ဆိုရင် လက်ခံ စဉ်းစားပေးဖို့ အသင့်ဖြစ်နေကြောင်း The Telegraph သတင်းဌာနမှ မကြာသေးခင်က ဖော်ပြခဲ့ဖူးပါတယ် ။

ကလပ် အသင်းခေါင်းဆောင် စပိန် ဝါရင့် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ကိုတော့ ချဲလ်ဆီးဖက်က စာချုပ် သက်တမ်း တိုးမယ့် အကြောင်း တရားဝင် ထုတ်ပြန် ကြေညာတာမျိုး မလုပ်ရသေးပေမယ့် ၊ အပြင်မှာတော့ ၄င်းဟာ ရာသီ အကုန်မှာ ကလပ်နဲ့ လမ်းခွဲဖို့ များနေကြောင်း ယူဆချက် အချို့ ရှိနေပါတယ် ။

တဖက်မှာ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် ဟာလည်း ချဲလ်ဆီးမှ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားခြင်းလည်း မလုပ်သေးသလို ၊ ညှိနှိုင်းမှုတွေလည်း အခုထိ မလုပ်သေးဘူးလို့ ကြားသိထားရပါတယ် ။ ၄င်းကို ဥရောပ အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့က အပြိုင် စိတ်ဝင်စားနေကြပါတယ် ။

ချဲလ်ဆီးနဲ့ အာဆင်နယ် နောက်ခံလူဟောင်း ဝီလီယံ ဂါးလက်စ် က ရာသီ အကုန်မှာ ချဲလ်ဆီး ကနေ အလွတ်နဲ့ ထွက်ခွာနိုင်တဲ့ ယင်းနောက်ခံလူ ၃ဦးမှာ ရူဒီဂါ ဟာ အကောင်းဆုံး ဖြစ်လို့ ၊ ၄င်းကို ဦးစားပေး ထိန်းသိမ်းဖို့သာ ကြိုးစားရမှာ ဖြစ်ကြောင်း သုံးသပ်ရင်း ၊ ကျန်၂ဦးကို ချဲလ်ဆီးတို့ စာချုပ် သက်တမ်းတိုးဖို့ မလွယ်တော့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ် ။

Genting Casino နဲ့ တွေ့ဆုံခဲ့ရာမှာ ဂါးလက်စ် က ” ချဲလ်ဆီး ဟာ ဒီ ကစာသမား ၃ဦးထဲက အနည်းဆုံး တဦးကို စာချုပ် သက်တမ်းတိုးဖို့ ကြိုးစားပါလိမ့်မယ် ။ ၃ယောက်ထဲက တယောက်ကို ရွေးရရင် ကျွန်တော် ကတော့ ရူဒီဂါကိုပဲ ရွေးမှာပါ ။ ဘာလို့လဲ ဆိုတော့ သူက ဒီ ၃ဦးအနက် လက်ရှိ ခြေစွမ်း အကောင်းဆုံး ဖြစ်နေလို့ပါ ။ ”

” အက်ဇ်ပီ ဟာ အသက် ၃၂နှစ် ရှိပါပြီ ။ ဒီတော့ အခြေအနေ က အပြောင်းအလဲ ဖြစ်နိုင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ပုံမှန် ပွဲကစားခွင့် ကို သူ အလိုရှိတာကြောင့်ပါ ။ ဒါကို လက်ခံဖို့ ခဲယဉ်းတယ် ဆိုတာ ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ အထူးသဖြင့် ပုံမှန် ပွဲထွက်ခွင့် ရနေတဲ့ အသင်းသား တဦး မဟုတ်တော့တာမျိုးပေါ့ ။ ”

” ခရစ်တန်ဆန် ဘာတွေ တွေးနေလဲ ဆိုတာ ကျွန်တော်မသိတော့ပါဘူး ။ ချဲလ်ဆီးဖက်က သူ့ရဲ့ ပျမ်းမျှ စွမ်းဆောင်ရည် အပေါ် ကျေနပ် အားရမှု ရှိရဲ့လား ဆိုတာလည်း ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် သူဟာ ငယ်ရွယ် သန်မာသေးတဲ့ အသက်အရွယ်မှာ ရှိနေပါသေးတယ် ။ ”

” အခုအချိန် အထိ သူ့ကို ကလပ်ဖက်က စာချုပ်သစ် မချုပ်နိုင်သေးပါဘူး ။ ဒီတော့ ကြည့်ရတာ သူ့ကို လာမယ့် နွေရာသီမှာ ဒီအတိုင်း ထွက်ခွာခွင့် ပေးမယ့်ပုံပါပဲ ။ ချဲလ်ဆီးဖက်က သူ့နေရာ အတွက် အစားထိုးဖို့ နောက်ခံလူ အသစ် တဦး ရှာဖွေရဦးမှာပါ ။ လာမယ့် လအနည်းငယ် အတွင်း အခြေအနေ က ဘယ်လို ဖြစ်မယ် ဆိုတာ မသိပေမယ့် ၊ ကြည့်ရတာ သူ အသင်းမှာ ဆက်မနေချင်တော့တဲ့ပုံပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR