အာသာမယ်လို ကို လိုချင်ရင် ကစားသမား တစ်ဦးကို အလိုက်ပေးဖို့ အာဆင်နယ် အသင်းထံ တောင်းဆိုလိုက်တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ် အသင်းဟာ သူတို့ ကွင်းလယ်လူ အာသာမယ်လို ကို ခေါ်ချင်နေတဲ့ အာဆင်နယ် အသင်းထံ တောင်းဆိုမှု တစ်ခု ပြုလုပ်လိုက်တယ်လို့ အီတလီ က သတင်းတွေမှာ ဖော်ပြ လာကြပါတယ် ။

အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ အင်အား နည်းပါး နေတာကြောင့် ဒီဇန်နဝါရီ မှာ ကွင်းလယ်လူ တစ်ဦး ခေါ်ယူ နိုင်ဖို့ တောက်လျှောက် ကြိုးပမ်း နေပြီး အာသာမယ်လို ၊ ဘရူနို ဂွီမာရေစ့် ၊ တိုင်လီမန်းစ် တို့ နဲ့ သတင်းတွေ ထွက်နေပါတယ် ။

အာဆင်နယ် အသင်းဟာ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လို နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိ ခဲ့ပြီ ဖြစ်ပေမယ့် ဂျူဗင်တပ်စ် အသင်း နဲ့ သဘောတူညီမှု ရရှိဖို့တော့ ဆွေးနွေး လုပ်ဆောင် နေဆဲ ဖြစ်ပါတယ် ။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာသာ မယ်လို ဟာ ဒီရာသီမှာ ဂျူဗင်တပ်စ် အသင်း အတွက် ၃ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး ဘရာဇီး အသင်း နဲ့အတူ ကမ္ဘာ့ဖလား ကစားချင်တာကြောင့် ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကို ပြောင်းချင် နေတာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဂျူဗင်တပ်စ် အသင်းဟာ အာသာ မယ်လို နေရာ အစားထိုးဖို့ ကွင်းလယ်လူ တစ်ဦး ခေါ်ပြီးမှသာ ဘရာဇီးသားကို လက်လွှတ်ဖို့ ရှိနေပါတယ် ။ ဂျူဗင်တပ်စ် အသင်းဟာ လော့တပ်ဖ်ချိခ် ကို ခေါ်ဖို့ ချိတ်ဆက် ခဲ့ပေမယ့် ချဲလ်ဆီး နည်းပြ တူချယ် က ပြတ်ပြတ်သားသား ငြင်းဆို ခဲ့ပါတယ် ။

Sky Sports Italy ကတော့ ဂျူဗင်တပ်စ် အသင်းဟာ အာသာ မယ်လို ကို ခေါ်ချင်နေတဲ့ အာဆင်နယ် အသင်းထံ ဂါနာ ကွင်းလယ်လူ သောမက်စ် ပါတေး ကို အလိုက်ပေး ကမ်းလှမ်းဖို့ တောင်းဆို ခဲ့တယ်လို့ ရေးသား ဖော်ပြ လာခဲ့ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်းဘက်ကတော့ ဂျူဗင်တပ်စ် အသင်း ရဲ့​တောင်းဆိုမှုကို အတော်လေး သဘောမကျ ဖြစ်နေပြီး သူတို့ရဲ့ အဓိက ကွင်းလယ်လူ သောမက်စ်ပါ​တေး ကို ဘယ်လို နည်းနဲ့မှ လက်လွှတ်သွားဖို့ ဆန္ဒ မရှိဘူးလို့ သိရပါတယ် ။

ပြီးခဲ့တဲ့ သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ဂျူဗင်တပ်စ် အသင်း နည်းပြ အယ်လီဂရီနီ ဟာ အာသာ မယ်လို ကို ရာသီကုန်အထိ အသင်းမှာ ဆက်ထားသွားမယ့် သဘောမျိုး ဖြေကြား ခဲ့ပါသေးတယ် ။

SM