အသင်းဖော် ၂ ဦးဟာ ဘရူနိုဖာနန်ဒက်စ်ကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့တယ်လို့ ဆိုလိုက်တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက ဖရက် နဲ့ နီမန်ဂျာမာတစ် တို့ကို မနေ့ညက အက်စတွန်ဗီလာ နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ် အတွက် အကူအညီ မဖြစ်ခဲ့တဲ့ အတွက် ဝေဖန်ပြစ်တင် သွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်ကို ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်အောင် စွမ်းဆောင် ပေးခဲ့ပေမယ့်လည်း အက်စတွန်ဗီလာ ရဲ့ ရမ်ဆေး နဲ့ ကော်တင်ညို တို့က ချေပဂိုးတွေ ပြန်လည် သွင်းယူကာ သရေတစ်မှတ် ခွဲယူသွားခဲ့ ပါတယ်။

ရပ်ရန်းနစ် ကတော့ ယူနိုက်တက်ရဲ့ ကွင်းလယ်လူဟာ ဟန်ချက်ပျက်နေခဲ့တယ်လို့ ၀န်ခံသွားခဲ့ပြီး ကိန်းကလည်း ဖာနန်ဒက်စ် အနေနဲ့ သူ့ရဲ့ ကွင်းလယ် ပါတနာတွေ ဆီကနေ ဒီထက် ပိုကောင်းတဲ့ ခံစစ် ကစားပုံကို လိ်ုအပ်တယ်လို့ ယုံကြည်နေပါတယ်။

ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ကိန်းက “သူ့ရဲ့ သွင်းဂိုး ၂ ဂိုးကို ကြည့်လိုက်မယ် ဆိုရင် သူ့ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် နဲ့ တည်ငြိမ်မှုကို မြင်တွေ့နိုင်ပါတယ်။ ကျွန်တော် သူ့ရဲ့ ကစားပုံကို အတော် ကြိုက်ပါတယ်။ သူဟာ ပြိုင်ဘက် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ် ဆိုတာကို ကျွန်တော်တို့ သိပြီးသားပါ။ သူဟာ ဖန်တီးမှုတွေလည်း အများကြီး လုပ်ပေးခဲ့သူ ဖြစ်ပြီး ဂိုးသွင်းမယ့်သူ တစ်ဦး အတွက် ဒါဟာ အရေးပါလှပါတယ်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ကစားသမားတွေ ဘာမလုပ်နိုင်ဘူးလဲ ဆိုတဲ့ အပေါ် အကဲဖြတ်ကြပါတယ်။ ဒါပေမယ့် သူဟာ ကောင်းမွန်တဲ့ အရာတွေ အများအပြား လုပ်နိုင်သူပါ။ သူ့မှာ မကောင်းတဲ့ အရာထက် ကောင်းတဲ့ အရာတွေက ပိုများ နေပါတယ်။ သူဟာ အသင်းကို တိုးတက်စေချင်ပြီး သူ့ဆီမှာ ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ဓာတ် ရှိနေပါတယ်။ ဒါပေမယ့် သူ ဒီည ဘတ်စ်ကားပေါ်မှာ ‘ငါဒီနေ့ ၂ ဂိုး သွင်းယူခဲ့တယ်။ ဒါဟာ အတော် ကောင်းတဲ့ အရာပဲ’ လို့ တွေးနေမှာပါ။

ဘယ်အသင်းမှာ မဆို အားသာချက်တွေ အားနည်းချက်တွေ ရှိနေတဲ့ အသင်းဖော်တွေနဲ့ ဟန်ချက်ညီညီ အလုပ်အတူ တွဲလုပ်ရတာပဲ ဖြစ်ပါတယ်။ ဘရူနိုဟာ ဘယ်လို ကစားသမားလဲ ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ သူ တိုးတက်ဖို့ လိုအပ်တဲ့ အခြား အပိုင်းတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် အသင်းရဲ့ အခြား ကစားသမားတွေ ဖြစ်ကြတဲ့ ဖရက် နဲ့ မာတစ် တို့ဟာ ခံစစ်ပိုင်းဘက်ကနေ ကြည့်လိုက်မယ် ဆိုရင် သူတို့ဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပါဘူး။

ကျွန်တော့် အနေနဲ့ ဒီနေ့မှာ ဘရူနိုထက်စာရင် အခြား ကွင်းလယ်လူတွေကိုပဲ ပိုပြီး ဝေဖန်ချင်ပါတယ်။ သူဟာ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တာကြောင့် တိုက်စစ်ပိုင်းမှာ သူ့တာ၀န်ကို ကောင်းကောင်း ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ခံစစ်ပိုင်း အတွက် ဒီထက် ပိုကောင်းအောင် လုပ်ပေးနိုင်မယ့် ကွင်းလယ်ပါတနာတွေ လိုအပ်ပါတယ်။ ဒီကွင်းလယ် ကစားသမား ၂ ဦးဟာ ပွဲရဲ့ အရေးကြီး အချိန်ဖြစ်တဲ့ နောက်ဆုံး မိနစ် ၂၀ မှာ အသင်း ဖိအားတွေအောက် ကျရောက်နေချိန်မှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။

မန်ယူနိုက်တက် အသင်း အတွက် တစ်ခုခု အကောင်းဆုံး လုပ်ပြရမယ့် အချိန်ဆိုလို့ ဒီလို အချိန်မျိုးတွေပဲ ရှိတာပါ။” လို့ ဆိုလိုက်ပါတယ်။

SM