အဖွင့်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ကျေနပ်နေတဲ့ မှော်ဆရာ

ကော်တင်ဟို ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် တစ်ကျော့ပြန် ခရီးကို မနေ့ညက ယူနိုက်တက် နဲ့ ကစားတဲ့ ပွဲစဉ်မှာပဲ လှလှပပ ဖွင့်လှစ်ပြသွားခဲ့ပါတယ်။ လီဗာပူး မှာ ကစားစဉ် ကတည်းက ယူနိုက်တက် ဘက်ဆို ဂိုးတွေ သွင်းယူခဲ့တဲ့ ဘရာဇီး ကွင်းလယ် ဖန်တီးရှင်ဟာ ဒီပွဲမှာလဲ အသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူရင်း ၊ သရေတစ်မှတ် ဆုပ်ကိုင်နိုင်အောင် ကူညီပေးသွားခဲ့ ပါတယ်။

ကော်တင်ဟို ကွင်းထဲကို ရောက်မလာခင် အချိန်ထိ အက်စ်တွန် ဗီလာ ဟာ အိမ်ကွင်းမှာ ယူနိုက်တက် ကို 0-2 ရလာဒ် နဲ့ ရှုံးနိမ့်နေခဲ့တာပါ။

68 မီးနစ် အရောက်မှာတော့ ဂျရတ် က မော်ဂန် ဆန်ဆွန် ကို ထုတ်ပြီး ၊ အသင်းနဲ့ လေ့ကျင့်ချိန် 3 ချိန်ပဲ လုပ်ဆောင်ရသေးတဲ့ ကော်တင်ဟို ကို လူစားလဲလိုက်ပါတယ်။ ကော်တင်ဟို ဟာ ကွင်းထဲကို ရောက်လာလို့ မီးနစ် ပိုင်း အတွင်းမှာပဲ သူ့ရဲ့ အလှုပ်အရွတွေ ၊ Off Run ပုံစံတွေ နဲ့ နေရာလွတ် စတင် ဖန်တီးလာခဲ့ပါတယ်။

ဗီလာ ကွင်းလယ်ပိုင်းမှာလဲ ရမ်ဆေး ၊ ဘူအန်ဒီယာ ၊ ဒေါက်ကလပ် လူးဝစ် တို့ဟာ ဘောလုံး ကိုင်တာ ပိုပြီး ယုံကြည်မှု ရှိလာသလို ၊ တွဲလုံးတွေ နဲ့ ထိုးဖောက်နိုင်ဖို့ အတွက် စတင် အားထုတ်လာခဲ့ပါတယ်။

အက်စ်တွန် ဗီလာ ဟာ ကော်တင်ဟို ဝင်လာပြီးနောက် 14 မီးနစ် အတွင်းမှာပဲ ချေပဂိုး 2 ဂိုး ဆက်တိုက် သွင်းယူပြခဲ့တာ ဖြစ်ပါတယ်။ ပထမ ဂိုးကို ရမ်ဆေး က သွင်းယူတာ ဖြစ်ပြီး ၊ ဒုတိယ ဂိုးကိုတော့ ရမ်ဆေး ခင်းပေးလိုက်တဲ့ ဘောလုံးကို ကော်တင်ဟို က နီးကပ် ပိတ်သွင်းပြီး ရယူပြခဲ့တာ ဖြစ်ပါတယ်။

မှော်ဆရာ ရဲ့ ပရီးမီးယားလိဂ် တကျော့ပြန် ခရီးဟာ ဗီလာ ပရိသတ်တွေ ရဲ့ ဝန်းရံမှုကြောင့် အဓိပ္ပါယ်တွေ အများကြီး ရှိသွားခဲ့ပါပြီ။

ပွဲအပြီးမှာလဲ အဖွင့်ပွဲ ခြေစွမ်းပြနိုင်ခဲ့တဲ့ အပေါ် အခုလို မှတ်ချက် ပေးသွားခဲ့ပါတယ်။

“ ကျနော် က အခုလို ပရီးမီးယားလိဂ် အငွေ့အသက်တွေကို အများကြီး လွမ်းနေခဲ့တာပါ။ အစောပိုင်းတုန်းက ပြောခဲ့သလိုပါပဲ ၊ ဗီလာ ကို ရောက်လာတဲ့ အတွက် အရမ်းပျော်မိသလို ၊ အသင်းဖော်သစ်တွေ နဲ့ ဆုံဆည်းခွင့်ရတဲ့ အတွက်လဲ ကျေနပ်ပါတယ်။

အဖွင့်ပွဲကိုတော့ ကောင်းကောင်း ဖွင့်ပြနိုင်ခဲ့ပါပြီ။ အသင်းအတွက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့တယ်လို့လဲ ထင်ပါတယ်။ ကျနော်တို့ဟာ ယုံကြည်မှုတွေ လုံး၀ ပျောက်ဆုံးသွားခြင်း မရှိသလို ၊ ပွဲ ပြီးတဲ့အထိ အနိုင်ရလာဒ်ကို ဖော်ဆောင်နိုင်သေးတယ် ဆိုတဲ့ ပုံစံနဲ့ ဆက်ကြိုးစားခဲ့တာပါ။ နောက်ဆုံးတော့ မရှုံးဘူးပေါ့ဗျာ။ ရှေ့ဆက်လျှောက်ကြတာပေါ့” လို့ ရင်ဖွင့်လာခဲ့ ပါတယ်။

ဆက်လက်ပြီး ဘရာဇီးသား က “ ကျနော် ဒီကလပ် ကို ရောက်လာတာ က မန်နေဂျာကြီး နဲ့ အသင်းက ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေကို အကောင်ထည်ဖော်နိုင်အောင် ကူညီပေးဖို့ အတွက်ပါ။ အဲဒီတော့ အသင်းရဲ့ ရလာဒ်တွေ ပိုကောင်းအောင် ၊ အသင်းဖော်တွေ ခြေစွမ်းပြနိုင်အောင် ကူညီပေးသွားချင်ပါတယ်။

ကျနော် က အင်္ဂလိပ် စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တော့ ၊ ကွင်းထဲမှာပဲ ဘောလုံး ပိုကစားချင်တယ်ဗျာ။ ကွင်းထဲက ကျနော့် ကစားပုံတွေကြည့်ပြီး ၊ ဝေဖန် သုံးသပ်လို့ ရပါတယ်။

အခု ပထမဆုံးပွဲမှာ ကောင်းကောင်း ကစားပြနိုင်တဲ့ အတွက် ပျော်ရွှင်မိသလို ၊ ပိုကောင်းတဲ့ ပုံစံတွေ ထပ်ရဖို့အတွက်လဲ ဆက်ပြီး ကြိုးစားသွားဦးမှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဗီလာ နည်းပြ ဂျရတ် ကတော့ ကော်တင်ဟို မှာ ပင်ကိုယ် ပါရမီတွေ က ရှိနေပြီးသား ဖြစ်လို့ ၊ သူ့ စွမ်းဆောင်ရည်တွေကို ဝိုင်းပြီး အသိအမှတ်ပြုမယ့် ပတ်ဝန်းကျင်မျိုးပဲ လိုနေတာ ဖြစ်တယ်လို့ ပွဲအပြီးမှာ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ကိုယ့် အသင်းက 2-0 နဲ့ ရှုံးနိမ့်နေတယ် ဆိုရင်တောင် ၊ ကော်တင်ဟို လို ကစားသမားမျိုး ကို ပိုင်ဆိုင်ထားတာမို့ ၊ တစ်ခုခုတော့ တုန့်ပြန်ပြနိုင်ဖို့ ကြိုးစားကြည့်ချင်တာပေါ့။

သူ့ အတွက် အဓိက ကျတဲ့ အချက်က သူ့ကို အသိအမှတ်ပြုတဲ့ ပတ်ဝန်းကျင်မျိုးမှာ ပြန်လည် ရှင်သန်ခွင့်ရဖို့နဲ့ ၊ ဘောလုံးကို အရင်ကလို ပျော်ပျော်ရွှင်ရွှင် နဲ့ ကစားခွင့် ရမယ့် ကာလမျိုးပေါ့။

ကျနော့် အမြင်မှာတော့ ဘယ်လောက်ပဲ ကြိုးစားပြပါစေ ကိုယ့်ကို အသိအမှတ် မပြုတဲ့ ပတ်ဝန်းကျင်မျိုး ရောက်နေတယ် ဆိုရင်တော့ အကောင်းဆုံး ခြေစွမ်းတွေ ထွက်လာဖို့ မဖြစ်နိုင်ပါဘူး။ သူ့ အသက် က 29 နှစ် ရှိပါပြီ။ မတူညီတဲ့ အောင်မြင်မှုတွေလဲ ဆွတ်ခူးခဲ့ပြီးပြီ ဖြစ်သလို ၊ အခုထိလဲ ဆာလောင်တဲ့ စိတ်ဓါတ်တွေက ပြင်းပြနေဆဲပါ။

သူ့ရဲ့ ကြံ့ခိုင်မှု က အခုထက် ပိုကောင်းလာပြီး ၊ အသင်းနဲ့ အံ့ဝင်လာတာ နဲ့ အမျှ ၊ သွင်းဂိုးတွေ ပိုမို ရယူပြလာဦးမယ် ဆိုတာ သံသယ မရှိပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM