ဂိုးသွင်းပြီး အောင်ပွဲ မခံခဲ့တဲ့ အပြင် Director Box ဆီကိုပါ စူးစူးဝါးဝါး နဲ့ ကြည့်သွားခဲ့တဲ့ ဒီဘားလား

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူအပြီး အောင်ပွဲ ခံခဲ့ခြင်း မရှိခဲ့တဲ့ ယူဗင် အသင်းခေါင်းဆောင် ဒီဘားလား ရဲ့ အမူအရာတွေဟာ အီတလီ မီဒီယာတွေ ရဲ့မျက်နှာဖုံးထက်မှာ ခေါင်းကြီးပိုင်း သတင်းတစ်ခု ဖြစ်နေပါတယ်။

တကယ်ဆိုရင် ရလာဒ်ကောင်းတွေ တည်ငြိမ်ဖို့ ကြိုးစားနေတဲ့ အချိန်မျိုးမှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တာ နဲ့ပတ်သက်ပြီး မက်မက်မောမော နဲ့ အောင်ပွဲ ခံသင့်တာမျိုး ဖြစ်သင့်ပေမယ့် ၊ ဒီဘားလား ကတော့ သူ့ရဲ့ ပင်ကိုယ်ဟန် အတိုင်း Mask ပုံစံ နဲ့ အောင်ပွဲ မခံခဲ့တဲ့ အပြင် ပွဲကြည့်စင်ပေါ်က Director Box ဆီကိုပါ စူးစူးဝါးဝါး နဲ့ မော့ကြည့်သွားခဲ့ ပါတယ်။

ဒါဟာ သူ့ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အကြောင်းကို ပရိသတ်တွေ ရှေ့မှာပါ အချက်ပြလိုက်တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ယူဗင် ဟာ ဒီဘာလား ကို စာချုပ်သစ် ချုပ်ဆိုဖို့ အချက်အလက် ဆိုင်ရာ ကိန်း ဂဏန်းတွေ အားလုံး သဘောတူညီမှု ရယူထားပြီးပြီ ဖြစ်သည့်တိုင်အောင် ၊ တကယ် ချုပ်ဆိုရမယ့် အချိန်ရောက်တော့ ပေးထားတဲ့ လစာပမာဏ က များလွန်းနေတယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ နှာစေးနေတာ ဖြစ်ပါတယ်။ ဒါကို ကစားသမား ရဲ့ ဘက်က လုံး၀ မကျေမနပ် ဖြစ်နေတာပါ။

ဒီဘားလား ရဲ့ လက်ရှိ စာချုပ်ဟာ ဒီရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အူဒီးနီးစ် ဘက်ကို အဖွင့်ဂိုး သွင်းယူအပြီး ဘာဖြစ်လို့ အောင်ပွဲမခံပဲ ၊ ပွဲကြည့်စင် ပေါ်ကို စိုက်ကြည့်သွားခဲ့တာလဲ ဆိုတဲ့ မေးခွန်းကိုတော့ ကာယကံရှင် ကစားသမား က အခုလို ဖြေကြားသွားခဲ့ပါတယ်။

“ ကျနော် က သူငယ်ချင်း တစ်ယောက်ကို လာကြည့်ဖို့ ဖိတ်ခေါ်ထားခဲ့တာပါ။ ဒါပေမယ့် သူ့ကို ရှာမတွေ့ ဖြစ်နေခဲ့တယ်လေ။ ပွဲကြည့်စင်ပေါ်မှာ လူတွေ များလွန်းတော့ ရှာမရဘူးပေါ့ဗျာ။

ဒီလို ရှင်းပြတဲ့ အပေါ်မှာ ယုံချင်ယုံ ၊ မယုံချင်နေပါ။ ဒါက ခင်ဗျားတို့ ကိစ္စပါ။

ကျနော် နဲ့ ပတ်သက်တဲ့ သတင်းတွေ အများကြီး ထွက်နေပါတယ်။ နောက်ကွယ်က အဖြစ်အပျက်တွေကလဲ တော်တော်ကို များတာပါ။ ထုတ်တော့ မပြောချင်ဘူးဗျာ” လို့ ပွဲအပြီးမှာ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လက်ရှိမှာတော့ ဒီဘားလား ရဲ့ အနေအထားကို စပါး ၊ ဘာစီလိုနာ နဲ့ အင်တာ မီလန် အသင်းတွေကို အနီးကပ် စောင့်ကြည့်လျှက် ရှိပါတယ်။

သတင်းတွေ အရ ယူဗင်တပ် ဟာ ဒီဘာလား ကို စာချုပ်သစ် ချုပ်ဖို့ အတွက် အောက်တိုဘာလ ကတည်းက အပြီးသတ် သဘောတူညီမှု ရယူထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ နောက် တရားဝင် စာချုပ် ချုပ်ကြတော့မယ့် လုပ်ဆောင်လာချိန်မှာတော့ ကလပ် ဘက်က အချိန်တွေ ဆွဲလာတဲ့ အပေါ် ကစားသမား က မကျေနပ်မဖြစ်ခဲ့တာပါ။

ဆက်လက်ပြီး အာဂျင်တိုင်း ကစားသမား က “ စာချုပ်သစ် ချုပ်ဖို့ အတွက် ကျနော့်မှာ နောက်ထပ် သက်သေပြစရာ ဘာမှ မကျန်တော့ပါဘူး။ ကလပ် အသင်းက ဖေဖော်ဝါရီ ၊ မတ်လ လောက်မှာ စကားပြောဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ ကျနော့် ဘက်ကတော့ အချိန်မရွေးပါပဲ” လို့ ပြောဆိုသွားခဲ့ ပြန်ပါတယ်။

ယူဗင်တပ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ကစားခဲ့တဲ့ အီတလီ စူပါ ဖလားမှာ စီးရီးအေ ချန်ပီယံ အင်တာ မီလန် ကို အရှုံးပေးလိုက်ရသလို ၊ ဒီရာသီမှာလဲ ရလာဒ်တွေ တည်ငြိမ်မှု မရှိတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ခိုင်မာဖို့ အတွက်ပဲ ဦးတည် တိုက်ပွဲလျှက် ရှိနေပါတယ်။

အားကိုးရတဲ့ တောင်ပံ ကစားသမား ခီယေဇာ က ဒူးအရွတ် စုတ်ပြတ်သွားတဲ့ ဒဏ်ရာ ရရှိသွားခဲ့လို့ ဒီရာသီမှာ ပြန်လည် ကစားပေးနိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။

SM