အသင်းမှာ အကြာကြီး ရှိစေလိုတဲ့ အသင်းဖော် တစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ် က သူဟာ အသင်းဖော် ကာဗာနီ ကို အနာဂတ် နဲ့ ပတ်သက်လို့ စ,နောက်ခဲ့သေးကြောင်း ၊ ဒါပေမဲ့ သူဟာ အသင်းမှာပဲ ဆက်ရှိနေဦးမယ်လို့ ပြောခဲ့ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဒဏ်ရာပြသနာတွေအကြား ရုန်းကန်နေခဲ့ရပြီး အထောင် တိုက်စစ်မှူး အဖြစ်် ရော်နယ်ဒိုက နေရာတစ်ခု အပိုင်ယူထားခဲ့တဲ့အတွက် ကြံ့ခိုင်မှု ကောင်းမွန်နေခဲ့ချိန်မှာလည်း ပွဲထွက် ကစားခွင့်တွေ ရရှိနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဒါ့ကြောင့် ကာဗာနီဟာ ဆောင်းရာသီစျေးကွက်အတွင်း အသင်း ပြောင်းလိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။ သူ့ကို ခေါ်ယူဖို့ စပိန် ထိပ်သီး ဘာစီလိုနာ အသင်းကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ကျယ်ပြန့်နေခဲ့ပါသေးတယ် ။

ဒါပေမဲ့ အခုတော့ ဖရက်ဒ် က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက််လို့ ‘ သတင်းတွေ ကြားနေရတယ်နော် ‘ လို့ ကာဗာနီကို စနောက် ခဲ့ချိန်မှာ ဥရုဂွေးသားက ယူနိုက်တက်နဲ့ စာချုပ် ရှိသေးကြောင်း ပြန်လည် ဖြေကြားသွားခဲ့တယ်လို့ ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ကာဗာနီက အတွေ့အကြုံကောင်းတွေ ကြွယ်ဝသူ ၊ အလုပ်တွေ ကြိုးစားသူ ၊ လူငယ်တွေ အတွက် စံနမူနာ​ကောင်းယူထိုက်သူ တစ်ဦးဖြစ်တာကြောင့် ဒီလို ကစား သမားမျိုးကို အသင်းမှာ အကြာကြီး ရှိစေလိုကြောင်းဖွင့်ဟသွားခဲ့လိုက် ပါတယ် ။

” သူဟာ ပွဲကစားချိန် မိနစ်တွေ မရတာတောင်မှ လူငယ်တွေအတွက် တက်နိုင်သလောက် စံနမူနာကောင်း ဖြစ်နိုင်ဖို့ ကြိုးစားနေခဲ့သူ တစ်ဦးပါ ။ သူဟာ အတွေ့အကြုံတွေ ကြွယ်ဝသူ ၊ စိတ်အားထက်သန်သူ ၊ အလုပ်တွေ ကြိုးစားသူ တစ်ဦးပါ ။ သူဟာ အခြားသူတွေအတွက် ပြီးပြည့်စုံတဲ့ စံနမူနာ ယူထိုက်သူ တစ်ဦးပါပဲ ”

” တစ်ရက်က ကျွန်တော် သူ့ကို စ,နောက် ခဲ့ပါသေးတယ် ။ ကျွန်တော်က ‘ ကိုရင်သီယန် နဲ့ ပတ်သက်လို့ ငါ တစ်စွန်းတစ််စ ကြားထားတာ ရှိတယ်နော် ‘ လို့ စနောက်ခဲ့တာပါ ။ ကျွန်တော် သူနဲ့ ကစားခဲ့တယ်လေ ။ ဒါပေမဲ့ သူကတော့ ရယ်မောခဲ့ပြီး ‘ ငါ့မှာ စာချုပ် သက်တမ်း ရှိသေးတယ်ဟ ‘ လို့ ပြန်ပြောခဲ့ပါတယ် ”

” သူဟာ ခမ်းနားတဲ့ ကစားသမား တစ်ယောက်ပါ ။ ကျွန်တော််ကတော့ သူနဲ့ အတူ ကစားရတာ နှစ်ခြိုက်မိပါတယ် ။ လူတိုင်း ကာဗာနီ အကြောင်းကို သိကြပါတယ် ။ သူဟာ တကယ့်ကို ခမ်းနားလွန်းတဲ့ ကစားသမား တစ်ဦးပါလေ ။ သူဟာ ကျွန်တော်တို့ အသင်းကို အများကြီးလည်း ကူညီပေးသူ တစ်ဦးပါ ”

” သူဟာ တကယ့် တိုက်စစ်မှူး တစ်ဦးပါပဲ ။ သူဟာ ကျွန််တော်တို့အတွက် ကွင်းထဲမှာ အများကြီး ပြေးလွှား ကစားပေးပါတယ် ။ တောင်အမေရိက ကစားသမားလေ ၊ ဒီလိုပဲ ဖြစ်ရမှာပေါ့ ။ ဟုတ်တယ် မလား ? ကျွန်တော်ကတော့ သူ့ကို အသင်းမှာ အကြာကြီး ရှိနေစေချင်ပါတယ် ။ သူက ကျွန်တော်တို့ကို အများကြီး ကူညီပေးနိုင်သူပါ ”

” သူဒီမှာ အကြာကြီးနေဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ သူသာ ထွက်သွားရင် ကျွန်တော် အရမ်းပဲ အံ့သြမိမှာပါ ။ အနည်းဆုံးတော့ ရာသီကုန်အထိ သူ ကျွန်တော်တို့နဲ့ ရှိနေသင့်ပါတယ် ။ သူ အဲ့အချိန်ထိ စာချုပ် သက်တမ်း ရှိနေတယ်လေ ” လို့ ဖရက်ဒ် က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar