အမ်ဘာပေ ကို စာချုပ် သက်တမ်း တိုးဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ပီအက်စ်ဂျီ

ပြင်သစ် တိုက်စစ်မှုး အမ်ဘာပေ ဟာ လက်ရှိ ကလပ် ပီအက်စ်ဂျီ နဲ့ စာချုပ်သစ် လက်မှတ်ရေးထိုးဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း မနေ့ညက ထွက်ပေါ်လာတဲ့ သတင်းတွေ က အခိုင်အမာ ဆိုလိုက်ပါတယ်။

ဒီတစ်ကြိမ် ဆွေးနွေးမှုဟာ ကာလတို သက်တမ်းတိုးဖို့ ဆွေးနွေးခြင်း ဖြစ်တယ်လို့ သိရပြီး ၊ ကစားသမား ကိုယ်တိုင်ကလဲ လိုလိုလားလား နဲ့ လက်ခံ ဆွေးနွေးပေးလျှက် ရှိနေပါတယ်။ တကယ်ဆို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ က ဆိုရင် အမ်ဘာပေ ကိုယ်တိုင် အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

သူ့ရဲ့ လက်ရှိ စာချုပ်သက်တမ်းက ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ တွက်ကြည့်လိုက်ရင် 5 လ ဝန်းကျင်သာ ကျန်တော့ပါတယ်။

အစောပိုင်း သတင်းတွေမှာတော့ ရီးရဲ မက်ဒရစ်ဟာ အမ်ဘာပေ ကို လိုချင်လွန်းတဲ့ အတွက် လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ မှာပဲ အကြို သဘောတူညီမှု ရယူထားနိုင်အောင် ကြိုးစားလာဖွယ် ရှိနေတယ်လို့ မှန်းဆချက်တွေနဲ့ ထုတ်ဖော် ရေးသားခဲ့ကြပါတယ်။ သို့သော် တကယ့်လက်တွေ့မှာတော့ ဘာပေ ကို စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတာ ရီးရဲ မက်ဒရစ် မဟုတ်ပဲ ၊ လက်ရှိ ကလပ် ပီအက်စ်ဂျီ ဖြစ်နေတာ အံ့အားသင့်ဖို့ ကောင်းပါတယ်။

အမ်ဘာပေ ရဲ့ ဒီရာသီ ခြေစွမ်းက အရမ်းကို ကောင်းလွန်းနေတာကြောင့်လဲ ပီအက်စ်ဂျီ ဟာ တတ်နိုင်သမျှ ဆက်ထိန်းနိုငဖို့ အတွက် ကြိုးစား အားထုတ်နေတာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဆိုရင် ရီးရဲ မက်ဒရစ် ဟာ ယူရို သန်း 170 နဲ့ တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် ၊ ပြင်သစ် ကလပ်ကတော့ ယူရို သန်း 210 ရရှိမှသာ လက်လွှတ်ပေးနိုင်မယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ ပယ်ချခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အားကစား ဒါရိုတ်တာ လီယိုနာဒို က ရီးရဲ မက်ဒရစ် ဟာ ဘာပေ ကို အလွတ်ကြေး နဲ့ ခေါ်ယူနိုင်အောင် စနစ်တကျ ထောင်ချောက်ဆင်ပြီး အကွက်ကျကျ နဲ့ ကြိုးစားနေတယ်လို့ ပြောဆို စွပ်စွဲခဲ့ပါတယ်။

ပီအက်စ်ဂျီ ဘက်ကလဲ အလွတ်ကြေး နဲ့ လက်လွှတ်ရနိုင်ချေ ရှိမှန်း သိသိကြီးနဲ့တောင် ရီးရဲ မက်ဒရစ် ရဲ့ ကမ်းလှမ်းမှုကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ကာ ၊ ဘာပေ ရဲ့ မိသားစုဝင်တွေ နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ဆက်ထိန်းသိမ်းရင်း စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆက်လက် ကြိုးစားခဲ့ပါတယ်။

လက်ရှိမှာတော့ အမ်ဘာပေ ဟာ သဘောထား တစ်ချို့ ပြောင်းလဲ လာပြီလို့ ယူဆနိုင်ပါပြီ။ သူ ငယ်ငယ်လေး ကတည်းက အားပေးလာတဲ့ ကလပ် အတွက် ပြောင်းရွှေ့ကြေး တစ်ပြားမှ ချန်မထားနိုင်ခဲ့တဲ့ ပုံစံမျိုး နဲ့ ထွက်ခွာသွားဖို့ ဆန္ဒရှိဟန် မတူပါဘူး။

ဒါကြောင့်လဲ နှစ်ဦး နှစ်ဖက်စလုံး အဆင်ပြေအောင် ကာလတို စာချုပ်သက်တမ်းတိုးတာမျိုး လုပ်ဆောင်ဖို့ အားထုတ်လာတာ ဖြစ်နိုင်တယ်လို့ ကောက်ချက် ချကြည့်လို့ ရနေပါတယ်။

ဒီစာချုပ်သစ် ကိစ္စကြောင့် ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ ကစားချင်တဲ့ သူ့ရဲ့ ဆန္ဒတွေ က အဆုံးသတ်သွားပြီလို့ ပြောလို့ မရသလို ၊ ရီးရဲ မက်ဒရစ် ဘက်ကလဲ ခြေလှမ်းတွေ နောက်ဆုတ်လိုက်ပြီလို့ ယူဆလို့ မရပါဘူး။

ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကို ထပ် ဆွဲထုတ်ရရင် ပီအက်စ်ဂျီ နဲ့ ရီးရဲ မက်ဒရစ် တို့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် မကစားမီ အခုလို သတင်းမျိုး ထွက်ပေါ်လာတာ ကတော့ Politics ပိုင်းတွေ ပါဝင်နေမလား ဆိုတာ သံသယ ဝင်စရာပါ။

ဘာပေ ကိုယ်တိုင် ကတော့ သူ့အနေနဲ့ အနာဂတ် ကိစ္စထက် လက်ကျန် ဒုတိယ ရာသီဝက်မှာ အကောင်းဆုံး ပုံစံနဲ့ ဆက်လက် ဖြတ်သန်းနိုင်ဖို့ အတွက်ပဲ အာရုံစိုက်ထားတယ်လို့ အကြိမ်ပေါင်း များစွာ ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

ဆက်စပ် သတင်းတွေမှာတော့ ပီအက်စ်ဂျီ ဟာ ဘရာဇီး နောက်ခံလူ မာကွင်ဟို ကို နောက်ထပ် စာချုပ်သက်တမ်း 2 နှစ် ထပ်တိုး အပြီးသတ် သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။ ဒါကြောင့် 2026 ခုနှစ် အထိ ဆက်ရှိမယ့် စာချုပ်မျိုးကို မကြာခင်မှာ တရားဝင် လက်မှတ် ရေးထိုးတော့မှာ ဖြစ်ပါတယ်။

SM