လီဗာပူးတို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ခေါ်ယူသွားသင့်တဲ့ ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ဂျွန်ဘန်း

လီဗာပူး ဂန္တ၀င် ဂျွန်ဘန်းက လီဗာပူး အနေနဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အမြန်ဆုံး အင်အား ဖြည့်တင်းသွားရန် ကြိုးစား သွားသင့်တယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ မနေ့ညက လူတစ်ယောက်အသာနဲ့ အာဆင်နယ်ကို အန်ဖီးမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ကာ အဆိုပါ ပွဲစဉ်မှာ ပွဲထွက် ကစားသမားတွေ ဖြစ်ကြတဲ့ ဟန်ဒါဆန် မီနာ နဲ့ ဖာဘင်ညို တို့အတွဲဟာ တိုက်စစ်အတွက် ပံ့ပိုးမှုတွေ အတော့်ကို အားနည်းခဲ့ပြီး ဘောလုံး ဆုံးရှုံးမှုတွေလည်း များပြားခဲ့ပါတယ်။

လီဗာပူးဟာ မိုဆာလား ၊ ဆာဒီယိုမာနေး နဲ့ နာဘီကီတာ တို့ကို အာဖရိကဖလား အတွက် လက်လွှတ်ထားခဲ့ရပေမယ့်လည်း လက်ရှိ အပြောင်းအရွေ့ စျေးကွက်မှာ ကစားသမား အင်အား ဖြည့်တင်းသွားဖို့ အခြေအနေတော့ မရှိပါဘူး။ ဒါပေမယ့် လီဗာပူးဟာ ဒီရာသီမှာ ကွင်းလယ် ကစားသမားတွေရဲ့ ဒဏ်ရာ ပြသနာတွေ ၊ ကိုဗစ်ပြသနာတွေနဲ့ အတူ ရုန်းကန်ရမှုတွေ ရှိနေခဲ့ပါတယ်။

ဘန်းကလည်း သူ့အသင်းဟောင်းဟာ ဒီလမှာ ကစားသမား ခေါ်ယူသွားဖို့ မရှိဘူးလို့ လက်ခံထားပေမယ့် နွေရာသီမှာတော့ သူပြောတဲ့ ကစားသမား ၂ ဦးထဲက အနည်းဆုံး တစ်ဦးကိုတော့ ရအောင် ခေါ်ယူသွားသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ လီဗာပူး ကစားသမားဟောင်းက ဒေ့ါမွန်ရဲ့ ဘယ်လင်ဟမ် နဲ့ ဘရိုက်တန်ရဲ့ ဘစ်ဆူးမား တို့ဟာ လီဗာပူးရဲ့ စွမ်းအင်မြင့် ကစားဟန်နဲ့ ကိုက်ညီမှု ရှိတယ်လို့ ဆိုလိုက်ပါတယ်။

ဘန်းက “ဂျူ့ဘယ်လင်ဟမ်ဟာ လီဗာပူး အတွက် အရမ်းကို ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူ ဇန်နဝါရီမှာ အသင်းကို ရောက်လာလိမ့်မယ်လို့တော့ ကျွန်တော် မမြင်မိပါဘူး။ ဘရိုက်တန်ရဲ့ ဘစ်ဆူးမား ကလည်း လီဗာပူးရဲ့ ၃ ဦးတန်း ကွင်းလယ်မှာ အံ၀င်ခွင်ကျ ကစားနိုင်မယ့် အရည်အသွေး ရှိနေသူပါ။ လီဗာပူး အနေနဲ့ ဒီကစားသမား ၂ ဦးကို ပစ်မှတ်ထား ခေါ်ယူသင့်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာတော့ ဒီအပြောင်းအရွေ့တွေ ဖြစ်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။
ခင်ဗျားတို့ မန်ချက်စတာစီးတီးကို ကြည့်လိုက်ပါ။ သူတို့ဟာ လီဗာပူးနဲ့ လုံး၀ ခြားနားတဲ့ ကစားသမားတွေကို အလိုရှိတာပါ။ ဘောလုံးကို သက်တောင့်သက်သာ ကိုင်ကစားနိုင်တဲ့ ပုံစံမျိုးတွေပါ။ ဒါပေမယ့် လီဗာပူး ကတော့ မြင့်မားတဲ့ စွမ်းအင် ၊ လုပ်အား အရမ်းကောင်းပြီး တိုက်စစ်ခံစစ် အတက်အဆင်း ကစားနိုင်ကာ အလိမ်အခေါက် သိပ်မများတဲ့ ကွင်းလယ်လူမျိုးကို အလိုရှိတာပါ။ ဘယ်လင်ဟမ် နဲ့ ဘစ်ဆူးမား တို့ဟာ လီဗာပူးရဲ့ ကစားပုံနဲ့ လုံး၀ အံ၀င်တဲ့ ကစားသမား ၂ ဦး ဖြစ်ပြီး မန်စီးတီး နဲ့ ချဲလ်ဆီး တို့လို အသင်းကြီးတွေကတော့ အခြား ကစားသမားတွေဘက်ကိုပဲ အာရုံရောက်နေမှာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ လာမည့် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

SM