ယူဗင်တပ်နဲ့ သတင်းထွက်နေတဲ့ ချဲလ်ဆီး ကြယ်ပွင့်ကို အငှားချဖို့ အစီအစဉ် ရှိမရှိ ဖြေကြားခဲ့တဲ့ တူချယ်

ဘရာဇီး ကွင်းလယ်လူ အာသာ မယ်လိုကို အာဆင်နယ်သို့ အငှား စေလွှတ်နိုင်ဖွယ် ရှိတဲ့ ယူဗင်တပ် အသင်း ဟာ အငှားမချခင် ၊ ၄င်းရဲ့ နေရာကို အစားထိုးဖို့ ၊ ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ကို ရာသီဝက် အငှားနဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ် ။

မကြာခင်မှာ အသက် ၂၆နှစ် ပြည့်တော့မယ့် လော့ဖ်တပ်စ်ချိခ် ဟာ ချဲလ်ဆီး အသင်း အတွင်း ကွင်းလယ် ဒဏ်ရာ ပြဿနာ မကြာခဏ ဖြစ်ခဲ့လို့ ၊ မထင်မှတ်ထားတဲ့ အထိ ပွဲကစားခွင့် များစွာ ရရှိခဲ့ပါတယ် ။ သို့ပေမယ့် ၄င်းရဲ့ ပျမ်းမျှ ခြေစွမ်း ဟာ အားရစရာကောင်းတဲ့ အနေအထားမှာတော့ ရှိမနေပါဘူး ။

ဒါကြောင့် ချဲလ်ဆီး အဖို့ ယူဗင်တပ်ထံမှ လော့ဖ်တပ်စ်ချိခ် အတွက် ရာသီဝက် အငှားနဲ့ တရားဝင် ကမ်းလှမ်းလာမယ် ဆိုရင် ငြင်းဆန်ရခက်နိုင်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က လော့ဖ်တပ်စ်ချိခ် ကို အငှားချဖို့ အခုအထိ မဆွေးနွေးရသေးကြောင်း တုန့်ပြန်ခဲ့ပါတယ် ။

တူချယ် က ” ဒီအကြောင်း ကျွန်တော်တို့ မဆွေးနွေးရသေးပါဘူး ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ အပါအဝင် ရှေ့နှစ် အနည်းငယ်ကထက်စာရင် ၊ သူဟာ ဒီရာသီမှာ ပွဲကစားခွင့် အများအပြား ရထားတယ်လို့ ကျွန်တော် ပြောလိုပါတယ် ။ ဒီမှာ ပုံမှန် ကစားခွင့် ရဖို့ဆိုရင် ၊ ဒီထက် အများကြီး တိုက်ပွဲဝင်ရပါမယ် ။ ”

” ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စ ဟာ နောက်ကွယ်မှာပဲ တံခါးပိတ် ဆွေးနွေးမှာ ဖြစ်ပြီး ၊ တခုခု ကြေညာစရာ ရှိပြီ ဆိုရင် ကျွန်တော်တို့ဖက်က တရားဝင် ထုတ်ဖော် ကြေညာသွားမှာပါ ။ အငှားချထားတဲ့ အထဲက ကစားသမားတွေ ပြန်ခေါ်မယ့် ကိစ္စ က ဆက်ဖြစ်နိုင်ပါတယ် ။ အသင်းကလည်း သူတို့ကို ပြန်အလိုရှိနေပါပြီ ။ ”

” ပုံမှန်ဆို ကျွန်တော်တို့ဟာ အငှား စေလွှတ်ပြီဆိုရင် တနှစ် အပြည့် အငှားထွက်စေတာပါ ။ သူတို့မှာလည်း သက်ဆိုင်ရာ အငှား ကလပ်တွေမှာ သက်ဆိုင်ရာ အခန်းကဏ္ဍ ကိုယ်စီ ရှိကြပါတယ် ။ ဒီတော့ သူတို့ကို ဒီအတိုင်း အကြောင်းမဲ့ သက်သက် အငှားကနေ ပြန်ဆင့်ခေါ်တာမျိုး ကျွန်တော်တို့ လုပ်သွားမှာ မဟုတ်ပါဘူး ။ ”

” အခုဆို ကနေဒီ ဟာ ကျွန်တော်တို့ဆီ ပြန်ရောက်လာပါပြီ ။ ဒီအတွက် ပျော်ရွှင်ပါတယ် ။ ဒါဟာ သူ့အတွက် ဒီ ကလပ်မှာ နေရာ တနေရာ ရဖို့ ကြီးမားတဲ့ အခွင့်အရေး ဖြစ်ပါတယ် ။ ဒီကနေစပြီး ကျွန်တော်တို့ဟာ သူ့ရဲ့ ခြေစွမ်း တိုးတက်လာဖို့ အတတ်နိုင်ဆုံး တွန်းအား ပေးသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ ရာသီကုန် အထိ အနားယူရမယ့် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် နေရာ အတွက် လိုင်ယွန်သို့ အငှားချထားတဲ့ အီတလီ လက်ရွေးစင် ဘယ်နောက်ခံလူ အီမာဆင် ကို ၂ကြိမ်တိုင် ပြန်ဆင့်ခေါ်ခဲ့ပေမယ့် ၊ ၄င်းတို့ဖက်က အီမာဆင်ကို ချဲလ်ဆီးထံ ပြန်လွှတ်ဖို့ ပြတ်ပြတ်သားသား ငြင်းဆန်ထားပါတယ် ။

ဒီအတွက်ကြောင့် ကနေဒီ ဟာ ချဲလ်ဆီး အတွက် back-up ဘယ် wing-back ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ် ။ တူချယ် ကတော့ ကနေဒီ ဟာ ၄င်းတို့ အတွက် ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် မဟုတ်ပေမယ့် ၊ wing-back ပြဿနာကို ဖြေရှင်းဖို့ ရွေးချယ်စရာ တခု ဖြစ်ကြောင်း အခုလိုပဲ ဆက်လက် ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” ကနေဒီ ဟာ ကျွန်တော်တို့ အတွက် ဘုရားစူ အဖြေ ဆိုပြီး မပြောလိုပါဘူး ။ ဒါပေမယ့် အခြေအနေ က ပြောင်းလဲသွားတာကြောင့် ၊ သူဟာ ကျွန်တော်တို့ရဲ့ အခက်အခဲ ကို ဖြေရှင်းဖို့ ရွေးချယ်စရာ တခု ဖြစ်လာပါတယ် ။ wing-back နေရာမှာ ဒဏ်ရာ ပြဿနာတွေ ရှိနေပြီး ၊ ဒီ အခက်အခဲကြောင့် ကျွန်တော်တို့ ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီးပါပြီ ။ ”

” အလားတူ ကိုဗစ်နဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ကွင်းလယ်နဲ့ ခံစစ်မှူး နေရာတွေမှာလည်း အတော်အသင့် အခက်တွေ့ခဲ့ပြီးပါပြီ ။ အပြောင်းအရွှေ့ လှုပ်ရှားမှုတော့ ထူးထူးခြားခြား မရှိပါဘူး ။ ကစားသမားသစ် ခေါ်ရမယ်ဆိုရင်လည်း အဓိပ္ပာယ်ရှိတဲ့ ၊ အရည်အသွေးရှိတဲ့ ခေါ်ယူမှုပဲ ဖြစ်စေချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR