မန်စီးတီး ၊ ချဲလ်ဆီး ၊ လီဗာပူး တို့နဲ့ ပတ်သက်ပြီး ရိုနယ်ဒို ပြောပြသွားတဲ့ အမှန်တရား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို က ဘာကြောင့် မန်စီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်နေကြတယ် ဆိုတာ ကို ပြောပြ သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ အဆို အရ ဒီ ၃ သင်းဟာ ကျန်တဲ့ အသင်းတွေ ထက် တဆင့်မြင့်တဲ့ အနေအထားမှာ ရှိနေပြီး တသမတ်တည်း ရှိတဲ့ ခြေစွမ်းတွေ ဟာ အခုလိုမျိုး အခြား အသင်းတွေ နဲ့ ကွာဟမှု ရှိလာ စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“အမှတ်ပေး ပြိုင်ပွဲ ဟာ မာရသွန် ပြေးပွဲ တခုလို ပါ ။ မီတာ ၁၀၀ ပြေးပွဲ မဟုတ်ပါဘူး ။ အကြာကြီး ပြေးရမယ့် ပွဲမှာ တည်ငြိမ်မှု ရှိနေဖို့ က အရမ်း အရေးကြီး ပါတယ် ။

ဒါကြောင့် သူတို့တွေ ( မန်စီးတီး ၊ ချဲလ်ဆီး ၊ လီဗာပူး ) က အင်္ဂလန် ရဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်နေ ကြတာပါ”

“ဒီ အသင်းတွေဟာ လက်ရှိ ပရီးမီးယားလိဂ် မှာ အခြား အသင်းတွေထက် ခြေစွမ်း ရော ရလဒ်ပိုင်းပါ ပိုပြီး တည်ငြိမ် ကြပါတယ် ။ ဒါကြောင့် အခြား အသင်းတွေ နဲ့ ကွာဟမှု ကြီးမား နေရတာပါ” လို့ ရိုနယ်ဒို က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ရဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီး ဟာ ပရီးမီးယားလိဂ် ဖလား ကို ၂ နှစ်ဆက်တိုက် ရယူ နိုင်ဖို့ အလားအလာ အကောင်းဆုံးမှာ ရှိနေပြီး ဒုတိယ နေရာက ချဲလ်ဆီး ကို ၁၀ မှတ်အထိ ဖြတ်ထား နိုင်ခဲ့ ပါတယ် ။

ဂွာဒီယိုလာ ရဲ့ အသင်းဟာ ၁၇ ပွဲ နိုင် ၊ ၂ ပွဲသရေ ကျထားပြီး ၂ ပွဲသာ ရှုံးနိမ့်ကာ ၅၃ မှတ် အထိ ရရှိ ထားခဲ့ ပါတယ် ။ ဒါ့အပြင် စီးတီး ဟာ ၅၃ ဂိုး သွင်းယူပြီး ပေးဂိုးကလည်း ၁၃ ဂိုးသာ ခွင့်ပြု ထားခဲ့ ရတာပါ ။

ချဲလ်ဆီး ကတော့ ၄၃ မှတ် ရရှိ ထားပြီး လီဗာပူး ကတော့ တပွဲလျော့ အနေအထားမှာ ၄၂ မှတ် ရရှိ ထားပါတယ် ။

ရိုနယ်ဒို ရဲ့ မန်ချက်စတာ ယူနိုက်တက် ကတော့ အဆိုပါ ၃ သင်း နဲ့ အလွန် ဝေးကွာတဲ့ နေရာမှာ ရှိနေပြီး ပွဲစဉ် ၂၁ အပြီးမှာ ( ယူနိုက်တက် ၁၉ ပွဲ ) ၃၁ မှတ် သာ ရရှိ ထားခဲ့ ပါတယ် ။

ရိုနယ်ဒို ကတော့ ဒီရာသီ အစမှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဆီ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားရာမှာ ၁၄ ဂိုး သွင်းပြီး ၃ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် မန်ယူနိုက်တက် ရဲ့ အသင်းလိုက် ကစားပုံ နဲ့ ခြေစွမ်းတွေ ကတော့ သာမန် အောက်မှာ ရှိနေပြီး ဒီလို ကျဆင်းနေမှု တွေကြောင့် နည်းပြ ဆိုးရှား နဲ့ လမ်းခွဲ ရတဲ့ အထိ ဖြစ်စေခဲ့ ပါတယ် ။

လက်ရှိ မှာ ရပ်ဖ်ရန်းနစ် က ယာယီ ကိုင်တွယ် နေပေမယ့် အသင်းရဲ့ ခြေစွမ်း ကတော့ စိတ်ကျေနပ်လောက် စရာ ကောင်းတဲ့ အနေအထားကို ပြန်လည် မရရှိ သေးပါဘူး ။

ယူနိုက်တက် ဟာ ဒီကနေ့ည မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အက်စတွန်ဗီလာ အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR