ပရီးမီးယားလိဂ် အသင်းတွေဟာ ကိုဗစ် ကိစ္စကို အကြောင်းပြပြီး အခွင့်ရေး ယူနေကြတယ် လို့ စွပ်စွဲလိုက်တဲ့ ကာရေဂါ နဲ့ ဂယ်ရီ နဗီးလ်

အာဆင်နယ် က တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် မြောက် လန်ဒန် ဒါဘီ ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုလာပြီးနောက် ဂယ်ရီ နဗီးလ် က ပရီးမီးယားလိဂ် အနေနဲ့ ပွဲစဉ်တွေကို အလွယ်တကူ ရွှေ့ဆိုင်းပေးတာမျိုးတွေ မလုပ်သင့်တော့ပဲ ၊ မဖြစ်ဖြစ်အောင် ကစားခိုင်းဖို့ လိုနေတဲ့ အချက်တွေကို ထောက်ပြလိုက်ပါတယ်။

အာဆင်နယ် ဟာ ဒဏ်ရာရ ကစားသမားတွေ ၊ ကိုဗစ် ကူးစက်ခံရမှုတွေ နဲ့ အာဖရိက ဖလား ပြိုင်ပွဲ စေလွှတ်လိုက်ရတာမျိုးတွေကြောင့် စပါးနဲ့ ပွဲ ကစားဖို့ လုံလောက်တဲ့ ကစားသမား စာရင်း မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲစဉ် ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

မနေ့ညကပဲ ပရီးမီးယားလိဂ် ဟာ ဘန်လေ အသင်းမှာ ကိုဗစ် ကူးစက်ခံရမှုတွေ များပြားလွန်းတာကြောင့် လက်စတာ နဲ့ ကစားမယ့်ပွဲကို တရားဝင် ရွှေ့ဆိုင်းပေးလိုက်ကြောင်း ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

Sky Sports ရဲ့ အစီအစဉ် တင်ဆက်မှုမှာတော့ ဂယ်ရီ နဗီးလ် က လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလိုပဲ ချပြသွားခဲ့ ပါတယ်။

“ ကျနော့် ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ပရီးမီးယားလိဂ် မှ မဟုတ်ပါဘူး ၊ EFL အနေနဲ့လဲ သူတို့ရဲ့ ပွဲစဉ်တွေကို မဖြစ် ဖြစ်အောင် ကစားခိုင်းဖို့ လိုလာပါပြီ။

အာဆင်နယ် မှာ ဆိုရင် ဘာလိုဂန် နဲ့ မေလန်း နိုင်း ကို အငှားချပစ်လိုက်တယ် ၊ ချာကာ က အနီကဒ် ပြခံရတယ် ။ ဒါတွေက ဘယ်သူကမှ လုပ်တာ မဟုတ်ပါဘူး။ အဲဒီတော့ အာဆင်နယ် ပွဲကို ဘာဖြစ်လို့ ရွှေ့ဆိုင်းပေးရမှာလဲ။

လွန်ခဲ့တဲ့ အပတ်တွေ တုန်းက ကျနော်တို့ ဆွေးနွေးခဲ့တာတွေက ကိုဗစ် ကူးစက်ခံရလို့ ကစားသမားပေါင်း 10-15 ယောက် အထိ ကစားပေးနိုင်ခြင်း မရှိရင် ပွဲစဉ်တွေကို ရွှေ့ဆိုင်းသင့်တယ် ဆိုပြီး ပြောဆိုခဲ့ကြတာပါ။ အထူးသဖြင့် ယှဉ်ပြိုင်မယ့် ကစားသမား စာရင်းက အတောင့်တင်းဆုံးမှာ ရှိမနေဘူး ဆိုရင်ပေါ့။ အခုတော့ အဲဒီ ပုံစံတွေကို ရပ်တန်းက ရပ်ရပါတော့မှာပါ။

ကျနော် က အာဆင်နယ် ကို ထိုးနှက်ချင်လို့ ပြောနေတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ 3-4 ပတ် ကတည်းက မဖြစ်သင့်တာမျိုးတွေကို ပြောနေတာပါ။ ယူနိုက်တက် နဲ့ အခြားအသင်းကြီးတွေ ဆိုရင် ကစားသမား စာရင်းက 30-40 လောက်အထိ ရှိနေတာပဲလေ။ ဒါကြောင့် အာဆင်နယ် ရဲ့ တောင်းဆိုမှု ကို ငြင်းပယ်သင့်ပါတယ်။

အသင်းမှာ ကိုဗစ် ကိစ္စ ဘယ်လောက်ထိ ကူးစက်ခံရတယ် ဆိုတာ တိတိကျကျ မသိပဲ နဲ့ ရွှေ့ဆိုင်းပေးတာမျိုး လုံး၀ မဖြစ်သင့်ပါဘူး။ အဲဒီလို ရွှေ့ကြေးဆိုရင် လီဗာပူး နဲ့ ပွဲကိုလဲ ရွှေ့ပေးရမှာ မဟုတ်လား” လို့ ထောက်ပြသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ကာရေဂါ ကပါ နဗီးလ် ရဲ့ အမြင်ကို ထောက်ခံခဲ့ကာ ၊ ဘောလုံး ပွဲစဉ်တွေ ရဲ့ အခြေအနေတွေကို အပေါ် အခုလို သုံးသပ်သွားခဲ့ ပါတယ်။

“ အာဆင်နယ် ပွဲလို့တော့ ခေါင်းစဉ်တပ်ပြီး မပြောချင်ဘူးဗျာ။ ပရီးမီးယားလိဂ် တစ်ခုလုံး လို့ပဲ ခေါင်းစဉ် တပ်ချင်ပါတယ်။ ကလပ် အသင်းတွေ အားလုံး ဟာ ကိုဗစ် ကိစ္စ အကြောင်းပြပြီး အခွင့်အရေး ယူချင်နေကြတာပါ။

ဒါမျိုး ဘယ် ဥရောပ လိဂ် ပြိုင်ပွဲမှာမှ မရှိပါဘူး။ ဘိုင်ယန် မြူးနစ်လို အသင်းမျိုးတောင် 16 နှစ် သားလေးတွေ ထည့်ပြီး ကစားနေရတာပဲလေ။ သူတို့တောင် အခုလို ပွဲစဉ်တွေ ဖြစ်အောင် လုပ်ပြနေချိန်မှာ ဘာဖြစ်လို့ ပရီးမီးယားလိဂ် က မလုပ်နိုင်တာလဲ။ ဘာဖြစ်လို့ ပရီးမီးယားလိဂ် ကလပ်တွေ က လူငယ် ချာတိတ်တွေကို အခွင့်အရေး မပေးနိုင်တာလဲ။ အားလုံး က ကလပ် ကိုယ်စားပြု ကစားသမားတွေ မဟုတ်ဘူးလား

ကျနော် ကတော့ ဂယ်ရီ ရဲ့ အမြင်ကို ထောက်ခံပါတယ်။ ကိုဗစ် ကူးစက်ခံရမှုတွေ များလွန်းလို့ ပွဲတွေ ရွှေ့ပေးရတာ လက်ခံလို့ ရပါတယ်။ ဒါပေမယ့် ဒဏ်ရာရတာတွေ ၊ ပွဲပယ်တာတွေ နဲ့ အာဖရိက ဖလား ပြိုင်ပွဲ စေလွှတ်လိုက်ရတဲ့ ကစားသမားတွေ ကို ဒီစာရင်းမှာ လုံး၀ ထည့်တွက်စရာ မလိုပါဘူး။ ဒါတွေက အမြဲတမ်း ရင်ဆိုင်နေရမယ့် အကြောင်းအရင်းတွေပဲလေ။

အဲဒီတော့ လူငယ် ကစားသမားတွေ ကို အခွင့်အရေးပေးပြီး ပွဲတွေ ပြန်ဖြစ်အောင် လုပ်ဆောင်ရမယ့် အချိန်ရောက်ပါပြီ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM