စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ စပါးမှာ ဆက်ရှိသွားဖို့ အာမ မခံခဲ့တဲ့ ကွန်တီ

ကွန်တီ ကို အရည်သွေးမြင့် ထိပ်တန်း နည်းပြ တစ်ယောက် ဆိုတာ ပရိသတ်တိုင်းက အကြွင်းမဲ့ လက်ခံပေးထားကြပါတယ်။ ရောက်တဲ့ ကလပ်တိုင်းမှာ အောင်မြင်မှု ရအောင် စွမ်းဆောင်ပြနိုင်သလို ၊ ရောက်တဲ့ အသင်းတိုင်းမှာလဲ ဘုတ်အဖွဲ့ဝင်တွေ နဲ့ အဆင်မပြေ ဖြစ်တာ ထုံးစံလို ဖြစ်နေပါပြီ။

ကွန်တီ ဘက်ကပဲ အချိုးမပြေတာလား ၊ ပိုင်ရှင်တွေ က ကွန်တီ ရဲ့ တောင်းဆိုမှုတွေ ကို လိုက်လျောပေးနိုင်ခြင်း မရှိလို့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ကြတာလား ဆိုတာ မသိရပေမယ့် ၊ ကွန်တီ နဲ့ အသင်းပိုင်ရှင်တွေ အစေးကပ်တယ် ဆိုတဲ့ မြင်ကွင်းမျိုးက တော်တော်လေး ရှားတာပါ။

အခုလဲ စပါး ကို ရောက်လာလို့ 2 လ ခွဲ အကြာမှာပဲ ၊ လက်ရှိ စာချုပ် သက်တမ်း ကုန်ဆုံးတဲ့ အချိန်ထိ အသင်းမှာ ဆက်ရှိနေဖြစ်မယ့် အကြောင်း အာမခံချက်ပေးဖို့ ငြင်းဆန်လိုက်ပြန်ပါပြီ။

ကွန်တီ ရဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ သောကြာနေ့ က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေ ဟာ စပါးမှာ ဆက်ရှိဖို့ သေချာရဲ့ လား ဆိုတဲ့ မေးခွန်းကို 3 ကြိမ် အထိ လှည့်ပတ် မေးခဲ့ကြပေမယ့် ၊ ကွန်တီ ကိုယ်တိုင် ကတော့ စပါးမှာ ပျော်နေတယ် ဆိုတဲ့ ပုံစံမျိုး နဲ့ သွယ်ဝိုက်ကာ ဖြေကြားရင်း ခေါင်းရှောင် သွားခဲ့ ပါတယ်။

ပထမ အကြိမ် မေးခွန်းကို ပြန်လည် ဖြေကြားရမှာတော့ အီတလီသားကြီး က “ စပါး မှာ အလုပ်လုပ်နေရတဲ့ အချိန်တွေကို ကျေနပ်မိပါတယ်။ ပြီးတော့ လက်ရှိ အနေအထားထက် ပိုပြီး တိုးတက်ကောင်းမွန်တဲ့ အခြေအနေမျိုးတွေ ရောက်အောင် ကြိုးစားချင်ပါတယ် ဘာလို့လဲ ဆိုတော့ စပါး ပရိသတ်တွေ နဲ့ ထိုက်တန်လို့ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

သို့သော် သတင်းထောက်တွေ ကလဲ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ စပါးဟာ ကွန်တီ လိုချင်တဲ့ ပစ်မှတ်တွေကို ရအောင် ခေါ်ယူနိုင်ခြင်း မရှိတဲ့ အချက်ကို သိထားတာ ဖြစ်လို့ ၊ လာမယ့် ဘောလုံးရာသီ အထိ ဆက်ရှိနေမလား ဆိုပြီး ထပ်မံ မေးခွန်း ထုတ်ကြည့်ခဲ့ပါတယ်။

ဒီတစ်ကြိမ် မှာတော့ ကွန်တီ က “ အရိုးသားဆုံး ပြောရရင် ကျနော် က လက်ရှိ ပစ္စုပ္ပန် မှာပဲ အာရုံစိုက်နေချင်ပါတယ်။ အနာဂတ် ကို အများကြီး မျှော်မကြည့်ချင်ပါဘူး။ လက်ရှိ အခြေအနေတွေကို အကောင်းဆုံး ကြိုးစားရင်း ကျနော့် ကစားသမားတွေဆီက အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ထွက်ပေါ်လာတာမျိုးတွေပဲ လိုချင်တာပါ။

အနာဂတ် ဆိုတာ နောက်မှ ဖြစ်လာတာမို့ ကျနော်တို့ အတွက် အရမ်းကို အလှမ်းဝေးကွာလွန်းပါတယ်။ ဒါကြောင့် ဒီအခြေအနေကနေ ပိုတိုးတက်အောင် ကြိုးစားရင်း ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ ကျနော် ကတော့ စပါး က လမ်းကြောင်းမှန်ပေါ်မှာ ဆက်ရှိနေအောင် ထိန်ထားဖို့ ကြိုးစားနေပါတယ်” လို့ ရှောင်လွှဲ ဖြေကြားသွားခဲ့ ပါတယ်။

အင်္ဂလန် မီဒီယာတွေ ကလဲ သူတို့ လိုချင်တဲ့ အဖြေမျိုး မရရင် ပုံစံအမျိုးမျိုး နဲ့ လှည့်ပတ် မေးလေ့ရှိတဲ့ အကျင့်မျိုးကြောင့် ကွန်တီ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တတိယ အကြိမ်ထပ်ပြီး မေးခွန်းထုတ်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဘုတ်အဖွဲ့ဝင်တွေ နဲ့ ဆက်ဆံရေးကောင်းတွေ ရှိတဲ့ အကြောင်းအရင်းတွေကို ကိုးကာ ရှောင်ရှားပြသွားခဲ့ ပါတယ်။

“ ကျနော် ဟာ 18 လ စာချုပ် ချုပ်ထားတာ ခင်ဗျားတို့ မြင်တဲ့ အတိုင်းပါပဲ။ ဒါကြောင့် စပါး က ကျနော့် အချိန်တွေကို ပျော်နေတဲ့ အကြောင်း ထပ်ပြီးပဲ ဖြေပါရစေ။ ကျနော့်မှာ ဥက္ကဌကြီး နဲ့ ဆက်ဆံရေးကောင်းတွေ ရှိတယ်။ အားကစား ဒါရိုတ်တာ ပါရာတီချီ နဲ့လဲ ဆက်ဆံရေးကောင်းတွေ ရှိတယ်။ ဒီအသင်းကိုလဲ တိုးတက်မှုတွေ ရှိအောင် အစ ဆွဲထုတ်ထားပြီးပြီ ဖြစ်လို့ ၊ ဒီ အနေအထားထက် ပိုပြီး တိုးတက်မှုတွေ ရှိလာဖို့ပဲ အာရုံစိုက်ထားပါတယ်” လို့ ဖြေကြားသွားခဲ့ ပါတယ်။

ကွန်တီ ဖြေကြားသွားတဲ့ ပုံစံဟာ အသင်းက လက်ရှိ ကစားသမား စာရင်း အပေါ် ထပ်မံ အင်အား ဖြည့်တင်းတာမျိုးတွေ လုပ်ဆောင်ဖို့ ပျက်ကွက်နေတဲ့ အပေါ် ဖိအားပေးချင်တာမျိုးလဲ ဖြစ်နိုင်သလို ၊ နည်းပြ စိတ်ကြိုက် အသင်းကို တည်ဆောက်ခွင့်ပေးဖို့ တောင်းဆိုတာမျိုးတွေလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သူဟာ ယခင် ဘောလုံး ကလပ်တွေမှာ တုန်းကလဲ အခုလို မီဒီယာတွေ ကနေ တဆင့် ပိုင်ရှင်တွေ ကို ဖိအားပေး တဲ့ ပုံစံမျိုးတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒါကြောင့် ဒီတစ်ကြိမ် စပါးမှာလဲ ဘယ် ကာလမျိုးအထိ ဆက်ရှိသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

SM