ချဲလ်ဆီးတို့ မန်စီးတီး အနောက် ၁၀မှတ် အထိ ပြတ်ကျန်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ တူချယ်

ယခု တပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ မတိုင်မီ ၊ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီး အသင်း ဟာ ဒုတိယ နေရာက ချဲလ်ဆီး အသင်းကို ရမှတ် ၁၀မှတ် အထိ ဖြတ်ထားပါတယ် ။ ဒီ ၂သင်း ဟာ ယနေ့ည ၊ အီတီဟတ်ကွင်းမှာ ထိပ်တိုက် ရင်ဆိုင်ကြမှာလည်း ဖြစ်ပါတယ် ။

ချဲလ်ဆီး ဟာ ဒီဇင်ဘာ ပထမ အပတ် အထိ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ ထိုနောက်ပိုင်း ဒဏ်ရာ ၊ ကိုဗစ် ပြဿနာ အများအပြား ရင်ဆိုင်ခဲ့ရကာ ၊ ရလဒ်နဲ့ ခြေစွမ်း အပေါ် ဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ဖြစ်စေခဲ့သလို ၊ ယင်းအကျိုးဆက်ကြောင့် သရေ ၃ပွဲ ၊ ရှုံးပွဲ တပွဲ တွေ့ခဲ့ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၂၁ မှာ အနီးကပ် ပြိုင်ဖက် လီဗာပူးကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တဖက် ၂ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီးနောက် ၊ မန်စီးတီးနဲ့ ချဲလ်ဆီး အကြား ရမှတ် ၁၀မှတ် အထိ ကွာဟသွားခဲ့ပါတယ် ။ ချဲလ်ဆီး အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ ဆက်လက် တင်ကျန်နိုင်ဖို့ ဆိုရင် ၊ ယနေ့ည ပွဲကို မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က မန်စီးတီး အနောက် ၁၀မှတ် ပြတ်ကျန်ခဲ့ခြင်း ဟာ ဒီဇင်ဘာလ အတွင်း အင်အား အပြည့် ရှိခြင်းနဲ့ မရှိခြင်း အကြား ကွာခြားချက်ကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပေမယ့် ၊ ဒါကို ၄င်းအနေနဲ့ အကြောင်းပြချက် အနေနဲ့ အသုံးပြုမှာ မဟုတ်ကြောင်း အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” မန်စီးတီးနဲ့ ကျွန်တော်တို့ အကြား ကွာဟချက် ကြီးမားနေခဲ့တာ ဟာ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှ မဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကတည်းက ဖြစ်ခဲ့တာပါ ။ ဒီအကြောင်းကို ဖွင့်ဟ ဝန်ခံဖို့ ကျွန်တော် ဘယ်တော့မှ မရှက်ပါဘူး ။ ဒါက ကျွန်တော့ရဲ့ အမြင်ပါ ။ ”

” ဒီ ကွာဟချက်ကို လျှော့ချနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ် ။ ဒီရာသီ အဖွင့်ကစပြီး ၊ ကျွန်တော်တို့ဟာ စီးတီးနဲ့ ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ ယုံကြည်မှု အပြည့်နဲ့ ကြိုးစားခဲ့ကြပါတယ် ။ တကယ်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ကျွန်တော့ကို အထင်မလွဲပါနဲ့ ။ ဒီအကြောင်း ကျွန်တော် ဖြေရှင်းချင်ပါတယ် ။ ”

” လက်ရှိ ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အား အပေါ် ကျွန်တော် လုံးဝ ကျေနပ်မှု ရှိပါတယ် ။ သူတို့တွေ အတွက် ပိုမြင့်မားတဲ့ ယုံကြည်မှုမျိုး ရလာဖို့ ကျွန်တော်တို့ဖက်က အကောင်းဆုံး တွန်းအားပေးသွားမှာပါ ။ ဒါပေမယ့် အင်အား အပြည့် ဖြစ်နေတဲ့ အသင်းနဲ့ မဖြစ်နေတဲ့ အသင်း အကြားမှာ ကွာခြားမှု ရှိပါတယ် ။ ဒါက ရှင်းရှင်းလေးပါပဲ ။ ”

” ပထမ အသင်းသား ၂၃ယောက်မှာ ၁၉ ၊ ၂၀လောက် ဒေါင်ဒေါင်မြည် ကစားပေးနိုင်ရင် ၊ ခင်ဗျား လိုချင်တဲ့ ၊ အခု လက်ရှိ မန်စီးတီး ရောက်ရှိနေတဲ့ နေရာမျိုး ဖန်တီးနိုင်ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ လကစပြီး ကျွန်တော်တို့မှာ ဒါမျိုး မရှိခဲ့ပါဘူး ။ ဒီအချက်ကို ဆင်ခြေ အနေနဲ့ သုံးသွားမှာ မဟုတ်ပါဘူး ။ ”

” ဒါဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း ကျွန်တော်တို့ အသင်းရဲ့ အခြေအနေ အမှန်ကို ရှင်းပြနေခြင်း ဖြစ်ပါတယ် ။ ဒီတော့ မန်စီးတီးနဲ့ ကွာဟချက်ကို လျှော့ချဖို့ ဆိုတာ ကျွန်တော်တို့ အတွက် ပိုပြီး ခက်ခဲလာခဲ့ပါတယ် ။ ဒါက လုံးဝ မဖြစ်နိုင်ဘူးလား ။ မဟုတ်ပါဘူး ။ ဒါဟာ မိနစ် ၉၀ ကစားရတဲ့ ပွဲဖြစ်ပါတယ် ။ ”

” မိနစ် ၉၀ အတွင်း ဘာမဆို ဖြစ်နိုင်ပါတယ် ။ ဒီအတွက် ခင်ဗျား ဟာ ရဲရင့်ဖို့ ၊ သတ္တိရှိဖို့ အပြင် ၊ အရှိန်ကောင်းကို ဆက်ထိန်းနိုင်ဖို့နဲ့ ကံတရားလည်း လိုပါတယ် ။ မနက်ဖြန်ပွဲကို အနိုင် ကစားဖို့ဆိုရင် ကျွန်တော်တို့ ထိပ်တန်း အဆင့် ခြေစွမ်းမှာ ရှိနေရပါမယ် ။ ပြဿနာတော့ အထွေအထူး မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR