ကိုဗစ်ကြောင့် မဟုတ်ပဲ ၊ ဒဏ်ရာ ၊ အာဖရိကနိုင်ငံများဖလားကြောင့် ပွဲရွှေ့ဆိုင်းခြင်း အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချခဲ့တဲ့ တူချယ်

ယခု တပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ မှ ဘန်လေ – လက်စတာ ပွဲဟာ လက်စတာ အသင်း အတွင်း ကိုဗစ် ပေါ့စတစ် ဖြစ်တဲ့ ကစားသမား အနည်းအကျဉ်းသာ ရှိပေမယ့် ၊ ဒဏ်ရာရ ကစားသမားတွေနဲ့ အာဖရိကနိုင်ငံများ ဖလားသို့ စေလွှတ်ခဲ့ရတဲ့ ကစားသမားတွေကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှ ရွှေ့ဆိုင်းပေးခဲ့ပါတယ် ။

အလားတူ မနက်ဖြန်ညမှာ ကစားမယ့် မြောက်လန်ဒန်ဒါဘီ တော့တင်ဟမ် – အာဆင်နယ် ပွဲဟာလည်း အာဆင်နယ် အသင်း အတွင်း ဒဏ်ရာနဲ့ အာဖရိက ဖလားသို့ စေလွှတ်ထားတဲ့ ကစားသမားတွေ များပြားနေတဲ့ အတွက် ၊ ပထမ အသင်းသား မလုံလောက်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲရွှေ့ဆိုင်းဖို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ တောင်းဆိုထားပါတယ် ။

ပြီးခဲ့တဲ့ အပတ်မှာ လီဗာပူး အသင်း အတွင်း ကိုဗစ် ပေါ့စတစ် ဖြစ်တဲ့ ကစားသမား အများအပြား ရှိခဲ့လို့ ၊ အာဆင်နယ် – လီဗာပူး ကာရာဘောင် ဆီမီးဖိုင်နယ် ပထမအကျော့ကို ရွှေ့ဆိုင်းပေးခဲ့ပေမယ့် ၊ ရှရူးဘူရီနဲ့ အက်ဖ်အေဖလားပွဲ အပြီး လီဗာပူး နည်းပြ ယာဂင် ကလော့ပ်မှ ၄င်းတို့မှာ ကိုဗစ် ပေါ့စတစ် အဖြေထွက်ခဲ့တဲ့ ကစားသမား အများစု ဟာ False ပေါ့စတစ်တွေ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။

ဒါဟာ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ကလပ် အချို့ကို ဒေါသပုန် ထစေခဲ့ပေမယ့် ၊ EFL မှ ထိုကိစ္စ အတွက် တစုံတရာ စစ်ဆေး ဖြေရှင်းမှု မလုပ်ခဲ့ပါဘူး ။ ယခု ရက်သတ္တပတ်မှာ ကိုဗစ်ကြောင့် မဟုတ်ပဲ ၊ ဘန်လေ – လက်စတာ ပွဲရွှေ့ဆိုင်းမှု ဖြစ်ပေါ်လာပြီးတဲ့နောက် ၊ ပရီးမီးယားလိဂ် တဝှမ်း မကျေနပ်ချက်တွေ ထွက်ပေါ်လာပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ် ပွဲရွှေ့ဆိုင်းမှု လုံးဝ မရှိထားတဲ့ ချဲလ်ဆီး အသင်းရဲ့ နည်းပြ သောမတ်စ် တူချယ် ကတော့ ကိုဗစ်ကြောင့် မဟုတ်ပဲ ၊ ပွဲရွှေ့ဆိုင်းခြင်းကို လုံးဝ ကန့်ကွက်ခဲ့ကာ ၊ ပရီးမီးယားလိဂ် အဖွဲ့ချုပ် အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအောက်မှာ အသင်းတိုင်း အတွက် မျှမျှတတ ဆုံးဖြတ်ပေးရမှာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ကျွန်တော် ကတော့ ဒီလို ပွဲရွှေ့ဆိုင်းမှုမျိုး လုံးဝ လုံးဝ ဖြစ်မလာဖို့ မျှော်လင့်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် ကျွန်တော် အရမ်း အရမ်း ဒေါသထွက်မိမှာပါ ။ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး ပွဲတွေ ကျင်းပနိုင်ဖို့ လုပ်နေရတာပါ ။ ”

” ကျွန်တော်တို့ အသင်းဆိုရင် ၊ ကိုယ့်အမြင် အရ ကစားဖို့ အဆင်မပြေတော့တဲ့ ပွဲတောင် ကစားခဲ့ရပါသေးတယ် ။ ဒီတော့ စည်းမျဉ်းစည်းကမ်းတွေ ဆိုတာ အသင်းတိုင်း အတွက် တန်းတူညီတူ ဖြစ်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ဒီဇင်ဘာလ အတွင်း ကိုဗစ် ကူးစက်ခံခဲ့ရတဲ့ ကစားသမား ၇ဦး အထိ ရှိခဲ့ပြီး ၊ ဒဏ်ရာ ပြဿနာတွေပါ ထည့်တွက်ရင် တသင်းစာ အထိ ရှိခဲ့ပေမယ့် ၊ ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှ ဝုလ်ဗ် – ချဲလ်ဆီး ပွဲကို ရွှေ့ဆိုင်းပေးဖို့ ငြင်းဆန်ခဲ့ပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်းမှာလည်း ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် ဟာ ကိုဗစ် ပေါ့စတစ် ဖြစ်နေပြီး ၊ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ယှဉ်ပြိုင် နေရတဲ့ ပွဲထွက် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီလည်း မရှိနေပါဘူး ။

ဒူးအရွတ် ဒဏ်ရာ ခွဲစိတ်ထားလို့ ရာသီကုန် အထိ နားရမယ့် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ၊ တံကောက်ကြော ဒဏ်ရာကြောင့် တလ နားရမယ့် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ၊ ကြွက်သား ဒဏ်ရာကြောင့် ၂ပတ်ခန့် နားရမယ့် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ တို့ဟာလည်း ယနေ့ည မန်စီးတီးနဲ့ ပွဲကို လွဲချော်ကြမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR