မန်စီးတီးနဲ့ ပွဲကို ၄ယောက်တန်း ခံစစ် ကစားကွက်နဲ့ ချဉ်းကပ်ဖွယ်ရှိလား ဆိုတဲ့ အမေး အပေါ် တုန့်ပြန်ခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ အဖြစ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ဒုတိယ နေရာက ချဲလ်ဆီး ဟာ မန်စီးတီးနဲ့ ကွာဟနေတဲ့ ရမှတ် ၁၀ မှတ်ကို လျှော့ချဖို့ ထိုပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ် ။

တမြန်နေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲမှာတော့ ချဲလ်ဆီး ဟာ လန်ဒန်မြို့ခံ ပြိုင်ဖက် တော့တင်ဟမ်ကို နောက်ခံလူ အန်တိုနီယို ရူဒီဂါရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ကာ ၊ ၂ကျော့ပေါင်း ရလဒ် ၀ – ၃ နဲ့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ် ။

အဲဒီပွဲမှာလည်း ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ပထမ အကျော့က ကစားကွက် ဖြစ်တဲ့ ၄ – ၄ – ၂ နဲ့ ချဉ်းကပ် ကစားခဲ့တာကို တွေ့ရပါတယ် ။ အပြေးအား မကောင်းပေမယ့် ၊ စည်းစနစ်ကျတဲ့ အစွန် နောက်ခံလူတွေရဲ့ ကစားပုံကြောင့် ထို ၂ပွဲလုံး ချဲလ်ဆီးတို့ ပေးဂိုး မရှိခဲ့ပါဘူး ။

ဒါ့အပြင် ဗဟို ခံစစ်မှူး အချို့ ဒဏ်ရာ ၊ ကိုဗစ် ပြဿနာ ရှိနေခဲ့တာကလည်း တူချယ်ကို ထိုနည်းစနစ်အား စမ်းသပ်ဖို့ ဖြစ်စေခဲ့ပါတယ် ။ ထရက်ဗာ ချာလိုဘာ က လွဲရင် ၊ ကျန်တဲ့ ချဲလ်ဆီး ခံစစ်မှူး အားလုံး ကြံ့ခိုင်မှု ပြည့်နေတာကြောင့် မန်စီးတီးနဲ့ ပွဲမှာတော့ ချဲလ်ဆီး ဟာ ပုံမှန် ကစားနေကျ ၃ – ၄ – ၃ ကစားကွက်နဲ့ ပြန်ချဉ်းကပ်လာဖို့ များပါတယ် ။

ပြီးခဲ့တဲ့ တော့တင်ဟမ်နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က မန်စီးတီးနဲ့ ပွဲအတွက် ကစားကွက် အခင်းအကျင်းနဲ့ ပတ်သက်ပြီး တုန့်ပြန်တဲ့ အနေနဲ့ ” အခြေအနေ ပေးရင်တော့ ကျွန်တော်တို့ ဒီကစားကွက်ကို နောက်တကြိမ် ထပ်မြင်တွေ့ရနိုင်ပါတယ် ။ ”

” ၄ယောက်တန်း ခံစစ်နဲ့ ကျွန်တော်တို့ ၂ပွဲ ကစားထားပြီး ဖြစ်သလို ၊ အဲဒီ ကစားကွက်မှာ အသင်းသား အားလုံး စည်းစနစ် ကျကျ ပေးဆပ် ကစားထားတာကို အားလုံး မြင်တွေ့ခဲ့ပြီးပါပြီ ။ ဒီလို မတူညီတဲ့ နည်းစနစ်တွေ အတွက် အမြဲ နာခံ လမ်းဖွင့် နားစွင့်ပေးတဲ့ အသင်းသား အားလုံးကို ချီးကျူးရမှာပါ ။ ”

” ဒါဟာ ကျွန်တော်တို့ကို ရွေးချယ်စရာ ပိုပေးမှာ ဖြစ်သလို ၊ ခန့်မှန်းရ ပိုပြီး ခက်ခဲတဲ့ အသင်း တသင်း ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ် ။ ဟုတ်ပါတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ဟာ ၄ယောက်တန်း ခံစစ်နဲ့ ပွဲအခင်းအကျင်း စတင်ခဲ့ပြီး ၊ ဒုတိယပိုင်း တဝက်လောက်မှာ နဂို ၃ယောက်တန်း ခံစစ်နဲ့ ပွဲထိန်းခဲ့ပါတယ် ။ ”

” ဒီလို နည်းစနစ် ရွေးချယ်စရာ ရှိတာ အသင်းအတွက် ကောင်းပေမယ့် ၊ ကိုယ်မျှော်လင့်တာနဲ့ အံကိုက်မှု ရှိဖို့ကလည်း လိုပါသေးတယ် ။ ဒီတော့ တပွဲချင်းစီ ဘာနည်းစနစ်ကို အသုံးပြုမယ် ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တမြန်နေ့ညက ပွဲမှာ တူချယ် ဟာ ဘယ်အစွန်နောက်ခံလူ နေရာမှာ ပြင်သစ် လူငယ် ခံစစ်မှူး မာလန်းဆားကို အသုံးပြုခဲ့ပြီး ၊ ၄င်းဟာ မထင်မှတ်ထားတဲ့ အံ့သြဖွယ် ခံစစ် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ် ။ ဒါဟာ ရာသီကုန် အထိ အနားယူရမယ့် ဘန်ချေဝဲလ်ရဲ့ နေရာ အတွက် ရွေးချယ်စရာ နည်းစနစ် တခု ဆိုလည်း မမှားပါဘူး ။

အနာဂတ်မှာ ဆားကို ဘယ်နောက်ခံလူ အဖြစ် အသုံးပြုဖို့ ရှိမရှိနဲ့ ပတ်သက်ပြီးလည်း တူချယ် က ” ဒီနေ့မှာ ကျွန်တော်တို့ wing-back စနစ်ကို ပွဲတည်ဖို့ မသုံးခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော့ အမြင်မှာ မာလန်း ဟာ ဒီနေ့လို ဘယ်နောက်ခံလူ အနေနဲ့ ရှေ့ဆက် ကစားပေးနိုင်တယ်လို့ ထင်ပါတယ် ။ ”

” သူဟာ ၃ယောက်တန်း ခံစစ်ရဲ့ ဘယ်ခံစစ်မှူး နေရာမှာလည်း ကစားပေးနိုင်ပါတယ် ။ ဒါဟာ သူ ရောက်နေတဲ့ အခိုက်အတန့် ဖြစ်ပြီး ၊ အခုလို ပွဲတချို့မှာ ကစားခွင့်ရဖို့ သူနဲ့ ထိုက်တန်မှု ရှိပါတယ် ။ လိုအပ်တဲ့ အချိန် သူဟာ အမြဲတမ်း ကောင်းကောင်း ကစားပေးပါတယ် ။ ဒီကလပ် က သူ့ရဲ့ အခန်းကဏ္ဍ အကြောင်း သူ သတိထားမိပြီးသားပါ ။ ”

” ဒီနေရာကနေ သူဟာ ချဲလ်ဆီး ကစားသမား ဘဝကို စတင်ရမှာ ဖြစ်ပြီး ၊ ရှေ့ဆက် ပြင်းပြင်းထန်ထန် ကြိုးစားမယ် ၊ ရိုးသားနှိမ့်ချစွာ နေမယ် ဆိုရင် သူ လိုချင်တဲ့ နေရာဆီ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ် ။ နောက်ထပ် အဆင့်တက်စရာတွေ မလိုသေးပါဘူး ။ အခု လက်ရှိ သူ့ရဲ့ ခြေစွမ်း က solid ဖြစ်တယ် ၊ တည်ငြိမ်မှု ရှိတယ် ၊ ဒါဟာ ကျွန်တော်တို့ လိုအပ်နေတဲ့ အရာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR