ဘန်ချေဝဲလ် နေရာ အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်စေမယ့် ကြယ်ပွင့် တဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ပီတစ်

ချဲလ်ဆီး အသင်းရဲ့ အားထားရတဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ က ကစားခဲ့တဲ့ ယူဗင်တပ်ကို ၄ – ၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအတွင်း ပြင်းထန်တဲ့ ဒူးအရွတ် ဒဏ်ရာ ရခဲ့တာကြောင့် ၊ ခွဲစိတ်မှု ခံယူခဲ့ရပြီး ၊ ဒီနှစ် ရာသီကုန်တဲ့ အထိ အနားယူရမှာ ဖြစ်ပါတယ် ။

လောလောဆယ် ချဲလ်ဆီး အသင်းမှာ ချေဝဲလ်ရဲ့ နေရာ တိုက်ရိုက် အစားထိုးပေးနိုင်တဲ့ ဘယ်နောက်ခံလူ ဆိုလို့ စပိန် ဝါရင့် နောက်ခံလူ မားကို့စ် အလွန်ဆို တဦးတည်းသာ ရှိပါတယ် ။ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ခရစ်တီယန် ပူလီဆစ် တို့ဟာ wing-back နေရာမှာ ကစားပေးနိုင်တယ် ဆိုပေမယ် ၊ ရေတို အတွက်သာ ကောင်းနိုင်ပါတယ် ။

တမြန်နေ့ည က ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ ပွဲမှာ ချဉ်းကပ်ခဲ့တဲ့ ၄ – ၄ – ၂ ကစားကွက်မှာ ပြင်သစ် လူငယ် ခံစစ်မှူး မာလန်းဆား ဟာ ဘယ်အစွန် နောက်ခံလူ အဖြစ် အမှားအယွင်း မရှိ ကစားပေးနိုင်ပေမယ့် ၊ ရေရှည်မှာ အားထားရမှာလား ဆိုတာ မသေချာသေးပါဘူး ။

တဖက်မှာ ချဲလ်ဆီး ဟာ အငှားချထားတဲ့ အထဲက wing-back နေရာ ကစားပေးနိုင်တဲ့ အသက် ၂၅နှစ် အရွယ် ဘရာဇီး တောင်ပံ ကစားသမား ကနေဒီ ကို ပြန်ခေါ်ထားသလို ၊ လိုင်ယွန်သို့ တရာသီ အငှားထွက်နေတဲ့ အီတလီ လက်ရွေးစင် ဘယ်နောက်ခံလူ အီမာဆင် ကိုလည်း ကလပ်သို့ ပြန်လည် ခေါ်ဆောင်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ် ။

ဒီမတိုင်ခင် ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်ခဲ့ဖူးတဲ့ အဲဗာတန် ဘယ်နောက်ခံလူဟောင်း လူးကပ်စ် ဒစ်နေး ဟာလည်း မနေ့ကပဲ အက်စတွန် ဗီလာ အသင်းသို့ ယူရိုသန်း ၃၀နဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ် ။ အငှား ၆လ ခေါ်ယူနိုင်ဖို့သာ အလိုရှိခဲ့တာကြောင့် ချဲလ်ဆီး ဟာ ဒစ်နေးနဲ့ အပြောင်းအရွှေ့ ကိစ္စ လုံးဝ မဖြစ်ခဲ့ပါဘူး ။

တဖက်မှာတော့ ဘယ်နောက်ခံလူ အဖြစ်ရော ၊ ညာနောက်ခံလူ အဖြစ်ပါ ကစားပေးနိုင်တဲ့ ဘာစီလိုနာ အသင်းရဲ့ အမေရိကန် ကြယ်ပွင့် ဆာဂျီနိုဒက်စ်ကို ချဲလ်ဆီးတို့ ဇန်နဝါရီ အတွင်း ခေါ်ယူနိုင်ဖို့ စောင့်ကြည့်မှုတွေ လုပ်နေပါတယ် ။

အာဆင်နယ်နဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ် ကတော့ ယင်း လန်ဒန် ကလပ်နဲ့ သတင်း သိပ်မထွက်ထားတဲ့ အေစီမီလန် အသင်းရဲ့ ပြင်သစ် ကြယ်ပွင့် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်စ် ဟာ ချဲလ်ဆီး အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်စေနိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ် ။

Bookmakers ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ပီတစ် က ” ချဲလ်ဆီးကို ပြောင်းရွှေ့မယ်ဆိုရင် သီယို ဟာနန်ဒက်ဇ် အတွက် သေချာပေါက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ် ။ သူဟာ အေစီမီလန်ရဲ့ ခေါင်းဆောင် တဦး ဖြစ်ပြီး ၊ စကား အများကြီး ပြောလေ့မရှိပါဘူး ။ ဒါပေမယ့် ငယ်ရွယ်ပြီး ၊ အင်အား အပြည့် ၊ အရည်အချင်း အပြည့် ရှိတဲ့ နောက်ခံလူ တယောက် ဖြစ်ပါတယ် ။ ”

” ပရီးမီးယားလိဂ် ဟာ သူနဲ့ လုံးဝ အံကိုက်မှု ရှိပါလိမ့်မယ် ။ သူ့မှာ အောင်မြင်လိုစိတ် ၊ အနိုင်ရလိုစိတ် ၊ ကြီးကျယ်တဲ့ အရည်အသွေးတွေ ရှိပါတယ် ။ အရေးကြီးဆုံး က သူဟာ နောက်ခံလူကောင်း တယောက် ဖြစ်ပါတယ် ။ ကျွန်တော်သာ မန်နေဂျာ တဦး ဖြစ်မယ်ဆိုရင် ၊ သူ့ကို ကျွန်တော့ အသင်းဆီ အလိုရှိရှိနဲ့ကို ခေါ်ယူထားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ သီယို ဟာနန်ဒက်ဇ် ကို ခေါ်ယူချင်ရင်တော့ ချဲလ်ဆီး အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် သုံးစွဲရမှာ ဖြစ်ပြီး ၊ ကစားသမား ကိုယ်တိုင်ကတော့ အပြောင်းအရွှေ့ ကိစ္စထက် အေစီမီလန် အသင်းနဲ့ အတူ ရှေ့ဆက် အောင်မြင်မှုတွေ ရယူလိုတဲ့ အကြောင်းသာ ပြောဆိုထားတာ တွေ့ရပါတယ် ။

SPORTS MYANMAR