ဆာလာ ကို စာချုပ်သက်တမ်း မတိုးရင် လီဗာပူး ပိုင်ရှင်တွေကို ခွင့်လွှတ်ပေးကြမှာ မဟုတ်ဘူး လို့ ပြောဆိုလိုက်တဲ့ ကာရေဂါ

လီဗာပူး နဲ့ မို ဆာလာ တို့အကြား စာချုပ်သစ် ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးမှုတွေက အခုထိ တရားဝင် သဘောတူညီမှု မရသေးပါဘူး။

ဆာလာ ကလဲ အင်တာဗျူးတွေ လုပ်တိုင်း စာချုပ်သစ် ကိစ္စဟာ ပိုင်ရှင်တွေ ရဲ့ လက်ထဲမှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိနေတယ်လို့ အကြိမ်ပေါင်း များစွာ ပြောဆိုထားသလို ၊ သူ့ဘက်ကလဲ မဖြစ်နိုင်တဲ့ လစာမျိုး တောင်းဆိုနေတာ မဟုတ်ဘူးလို့ ဖွင့်ဟထားပါတယ်။

ယာဂန် ကလော့ပ် ကိုယ်တိုင် ကတော့ ဆာလာ ရဲ့ စာချုပ်သစ် ကိစ္စ ကြန့်ကြာနေတာဟာ ပုံမှန် ဖြစ်ရိုး ဖြစ်စဉ် အတိုင်းပဲ လို့ ဆိုထားပြီး ၊ ပရိသတ်တွေ အနေနဲ့ စိတ်ပူနေစရာ အကြောင်း မရှိဘူး မှတ်ချက်ပေးထားပါတယ်။

သို့သော် လက်ရှိ အချိန်ထိတော့ စာချုပ်သစ် ကိစ္စ ထူးထူးခြားခြား ဖြစ်မလာသေးတဲ့ ပကတိ အရှိတရားပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ် နဲ့ ပွဲစဉ်မှာ ဆိုရင် လီဗာပူးဟာ ဆာလာ ကို ဘယ်လောက်အထိ လိုအပ်နေကြောင်း အတိုင်းသား ပေါ်လွှင်ခဲ့ပါတယ်။ တစ်ယောက် အသာစီးနဲ့ တစ်ချိန်လုံး နီးပါး ကစားခဲ့ရသည့်တိုင်အောင် အာဆင်နယ် ခံစစ်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့တဲ့ အပြင် ၊ ဂိုးရဖို့ နီးစပ်တဲ့ အခြေအနေတွေလဲ များများစားစား မရှိခဲ့ပါဘူး။

ဒါကြောင့် ပရိသတ်တွေ အကြားမှာလဲ ဒီပုံ စံအတိုင်းသာ ဆိုရင် အသင်းအနေနဲ့ မို ဆာလာ ကို မဖြစ်မနေ စာချုပ်သက်တမ်း တိုးမှသာ ကစားကွက် အထိုင် ပျက်ယွင်းသွားမှာ မဟုတ်ဘူးလို့ ပြောဆိုလာကြပါတယ်။

လီဗာပူး ဂန္တဝင် ကစားသမားဟောင်းကြီး ကာရေဂါ ကတော့ အသင်းအနေနဲ့ ဆာလာ ကို စာချုပ်သက်တမ်း တိုးနိုင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိဘူး ဆိုရင်တော့ ပရိသတ်တွေက FSG ကို လုံး၀ ခွင့်လွှတ်ပေးကြမှာ မဟုတ်ကြောင်း သတိပေးမှုတွေ ပြုလုပ်သွားခဲ့ ပါတယ်။

“ ဒီပွဲမှာ မာနေး နဲ့ ဆာလာ မပါဝင်တာ တော်တော်လေး သိသာပါတယ် ဒါပေမယ့် ဆာလာ မကစားပေးနိုင်တဲ့ အချိန်မျိုးရောက်မှ သူ့ရဲ့ တန်ဖိုးက ပိုပြီးတော့တောင် ပေါ်လွင်သွားပါတယ်။ အဲဒီ အချက်ကို ကောင်းကောင်း မြင်လိုက်ကြရမှာပါ။

လီဗာပူး ပရိသတ် တစ်ယောက် အနေနဲ့ ဆာလာ ရဲ့ စာချုပ်သစ် တန်းလန်းကြီး ဖြစ်နေတဲ့ ကိစ္စအပေါ် စိုးရိမ်သင့်ပါတယ်။ အသင်းမှာ ရှိတဲ့ အခြား အမာခံ ကစားသမားတွေ အများစုက ပြီးခဲ့တဲ့ လပိုင်း အတွင်းကပဲ စာချုပ်သစ်တွေမှာ အသီးသီး လက်မှတ်ထိုးခဲ့ပြီးပါပြီ။

ဆာလာ ကိုယ်တိုင်လဲ ပရီးမီးယားလိဂ် မှာ ဝင်ငွေ အများဆုံး ရနေတဲ့ ဘောလုံးသမားတွေ နည်းတူ လိုချင်မှာပဲလေ။ သူ့ ခြေစွမ်းမျိုး နဲ့ ဒီလောက်တော့ ဖြစ်သင့်ပါတယ်။ ရလဲ ရထိုက်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ထဲက တစ်ယောက်ပါ။

ပြသနာ က လီဗာပူး ပိုင်ရှင်တွေ ရဲ့ အမြင်မှာ “ဆာလာ အနေနဲ့ ဘယ်အသင်းကို ပြောင်းကစားမှာလဲ?” ဆိုတဲ့ အမြင်မျိုးကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စပိန် အင်အားကြီးတွေ ဖြစ်တဲ့ ရီးရဲ ၊ ဘာစီလိုနာ တို့ဟာ သူတို့ အတွက် နောက်ထပ် ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်သွားနိုင်တဲ့ ကစားသမားမျိုးကို ခေါ်ယူချင်မှာ မဟုတ်ပါဘူး၊ ပီအက်စ်ဂျီ မှာလဲ လူက ပြည့်နေပါပြီ။ အဲဒီတော့ ဆာလာမှာ ရွေးချယ်စရာ က အန်ဖီးလ်မှာ တည်ဆောက်ထားတဲ့ ပုံရိပ်တွေကို အထိခိုက်ခံပြီး မန်ချက်စတာ နှစ်သင်းဆီ ပြောင်း ကစားမလား ဆိုတာပါ။ ဒါတော့ သူက လုပ်မယ် မထင်ပါဘူး။

ဒီလို အမြင်မျိုးတွေ ရှိနေတာကြောင့် ပိုင်ရှင်တွေကလဲ လက်တွန့်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကျနော် ကတော့ စာချုပ်သစ် ကိစ္စကို အမြန်ဆုံး ပြီးစေချင်ပီဗျာ။ ဆာလာ အတွက် ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေး ပမာဏ ကိုလဲ မေ့မထားကြပါနဲ့ဦး။ ပိုက်ဆံ နည်းနည်းလေး သုံးလိုက်ရပြီး ၊ စွမ်းဆောင်ရည်ကောင်းတွေ အများကြီးကို ပြန်ရခဲ့တာပါ။

FSG ဟာ ဆာလာ အတွက် ပေါင် သန်း 100 သုံးလိုက်ရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သူ့အတွက် လစာ ပမာဏ ထိုက်ထိုက်တန်တန်လေး ပြန်ပေးသင့်ပါပြီ။

ဒီအနေအထားမှာ ကစားသမား လိုချင်တဲ့ အတိုင်း လစာထုတ်ပေးပြီး စာချုပ်ချုပ်လိုက်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ဆာလာ ကိုသာ စာချုပ်သစ် မချုပ်ပေးရင် FSG ကို ပရိသတ်တွေ က လုံး၀ ခွင့်လွှတ်ကြမှာ မဟုတ်ပါဘူး” လို့ သုံးသပ်သွားခဲ့ ပါတယ်။

SM