ချဲလ်ဆီးရဲ့ ဒုတိယ အကြိမ် စာချုပ်သစ် ကမ်းလှမ်းမှု အတွက် လက်ခံ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်နေတဲ့ ရူဒီဂါ

ချဲလ်ဆီး အသင်း ဟာ အသက် ၂၈နှစ် အရွယ် ၊ ဂျာမန် လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ကို ဒုတိယ အကြိမ် စာချုပ်သစ် ကမ်းလှမ်းဖို့ ကြိုးစားနေပြီး ၊ ဒီတကြိမ်မှာ ကစားသမားဖက်က ကလပ်ရဲ့ ကမ်းလှမ်းမှု အတွက် လက်ခံ စဉ်းစားပေးဖို့ အဆင်သင့် ဖြစ်နေကြောင်း The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် ဖြစ်သူ မတ်လောရဲ့ အဆို အရ သိရပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ ရူဒီဂါ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ အင်အားကြီး ကလပ်တွေနဲ့ အပြိုင် လစာ ပမာဏကို တိုးမြှင့် ကမ်းလှမ်းရဖို့ ရှိနေပါတယ် ။ ချဲလ်ဆီးဖက်ကတော့ ရူဒီဂါ ကို ဒီနှစ် ဘောလုံးရာသီ မကုန်ခင် စာချုပ်သစ် ချုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ် ။

ရူဒီဂါ ဟာ ဘယ်ဟာကိုမှ အပြည့်အဝ ငြင်းဆန်ထားခြင်း မရှိတာကြောင့် ၊ ချဲလ်ဆီးရဲ့ ဒီတကြိမ် စာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားပေးမှာ ဖြစ်သလို ၊ အဆင်မပြေခဲ့ရင် အသင်းက ထွက်ခွာဖို့ အတွက် ဝန်လေးမှာ မဟုတ်တဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အပတ် အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရတော့ ရူဒီဂါကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ဟာ ၄င်းအပေါ် စိတ်ဝင်စားမှု လျော့ကျလာကြောင်း သိရပါတယ် ။ ဒါဟာ လက်ကျန် ၆လ အတွင်း ရူဒီဂါကို အသင်းမှာ ဆက်ထိန်းထားဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ချဲလ်ဆီး အတွက် အားတက်စရာ ဖြစ်ပါတယ် ။

ပထမ တကြိမ် စာချုပ်သစ် ကမ်းလှမ်းခဲ့စဉ် က ချဲလ်ဆီး ဟာ ရူဒီဂါရဲ့ နဂို လစာ ပမာဏထက် ၄သောင်းသာ တိုးပေးခဲ့တာ ဖြစ်ပါတယ် ။ ယခု တကြိမ် ထပ်မံ ကမ်းလှမ်းဖို့ ဆိုရင် ရူဒီဂါ အလိုရှိတဲ့ တပတ် လုပ်ခ ပေါင် ၂သိန်းနဲ့ နီးစပ်မှု ရှိတဲ့ ပမာဏမျိုး ချဲလ်ဆီးဖက်က မဖြစ်မနေ ကမ်းလှမ်းရဖို့ ရှိပါတယ် ။

မသေချာတာ တခုကတော့ ရူဒီဂါ ဟာ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုထက် ၊ ဥရောပ အင်အားကြီး ကလပ် တသင်းသင်းဆီက တပတ် လုပ်ခပေါင် ၄သိန်းလောက် ရှိတဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး အသင်း ပြောင်းသွားနိုင်ခြေ ရှိတာပဲ ဖြစ်ပါတယ် ။ ဒီတော့ loyalty bonus ထပ်တိုး ကမ်းလှမ်းဖို့ ဆိုတာ ချဲလ်ဆီး အတွက် နောက်ထပ် ရွေးချယ်စရာ ဖြစ်ပါတယ် ။

ရူဒီဂါနဲ့ သက်တူရွယ်တူ ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ တပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ အထိ ရရှိနေပြီး ၊ ရူဒီဂါရဲ့ အေးဂျင့်နဲ့ တာဝန်ရှိသူတွေကတော့ ချဲလ်ဆီးဖက်က ထိုလစာ ပမာဏမျိုး ကမ်းလှမ်းမှာ မဟုတ်သည့်တိုင် ၊ စာချုပ်သစ် အတွက် လက်ခံ စဉ်းစားပေးဖွယ် ရှိပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အတွင်း လိုင်ယွန် အသင်းထံ အငှားချထားတဲ့ အီတလီ လက်ရွေးစင် ဘယ်နောက်ခံလူ အီမာဆင် ကို ပြန်ခေါ်ဖို့ ထပ်မံ ကြိုးစားရဦးမှာ ဖြစ်ပါတယ် ။ ကနဦး ၂ကြိမ် ပြန်ခေါ်ခဲ့ရာမှာတော့ လိုင်ယွန်ဖက်က ပယ်ချခြင်းကို ခံခဲ့ရပါတယ် ။

ဒါ့အပြင် ဘယ်အစွန်ရော ၊ ညာအစွန်မှာပါ ကစားပေးနိုင်တဲ့ ဘာစီလိုနာ အသင်းရဲ့ အမေရိကန် လက်ရွေးစင် ညာနောက်ခံလူ ဆာဂျီနိုဒက်စ်ကိုလည်း ချဲလ်ဆီးတို့ ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ် ။ မနေ့ကတော့ ချဲလ်ဆီး ဟာ ဖလာမင်ဂို အသင်းမှာ နေရာ မရနေတဲ့ ဘရာဇီး တောင်ပံ ကစားသမား ကနေဒီ ကို အငှားကနေ ပြန်ခေါ်ခဲ့ပါတယ် ။

SPORTS MYANMAR