အားထားရတဲ့ ကြယ်ပွင့် တဦးကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဆက်လက် ထိန်းသိမ်းသွားဖို့ ချဲလ်ဆီးထံ မက်ဆေ့ခ်ျ ပေးခဲ့ကြတဲ့ အက်ရ်ှလေကိုးလ်နဲ့ ဂျေမီ ရက်ဒ်နပ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲမှာ နောက်ခံလူ အန်တိုနီယို ရူဒီဂါရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အနိုင်ရကာ ၊ ၂ကျော့ပေါင်း ရလဒ် ၀ – ၃ နဲ့ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

အနိုင်ဂိုးရှင် ရူဒီဂါ ဟာ ဒီပွဲရဲ့ Man of the Match ဆုကို ရရှိခဲ့ပြီး ၊ ချဲလ်ဆီး အတွက် ဘယ်လောက် အထိ အရေးပါတယ် ဆိုတာ ထပ်မံ သက်သေပြနိုင်ခဲ့ပြန်ပါတယ် ။ ထိုပွဲပြီးနောက် ၄င်းနဲ့ ချဲလ်ဆီး အကြား က စာချုပ်သစ် ဆွေးနွေးမှု ကိစ္စ ဟာလည်း ချဲလ်ဆီး ပရိသတ်တွေ အကြား ပြောစရာ ဖြစ်လာပါတယ် ။

ရိုးမားမှာ ရူဒီဂါနဲ့ အတူ တွဲကစားခဲ့ဖူးတဲ့ ချဲလ်ဆီး ဂန္တဝင် နောက်ခံလူဟောင်း အက်ရ်ှလေကိုးလ် ကတော့ Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ရူဒီဂါရဲ့ အရည်အသွေးတွေကို ထုတ်ဖော် ချီးကျူးရင်း ၊ ချဲလ်ဆီး အနေနဲ့ ၄င်းကို ဘာကြောင့် ဆက်လက် ထိန်းထားဖို့ လိုလဲ ဆိုတာ အခုလိုပဲ သုံးသပ် ပြောဆိုခဲ့ပါတယ် ။

အက်ရ်ှလေကိုးလ် က ” ရိုးမားမှာ ကျွန်တော် သူနဲ့ အတူ ကစားခဲ့ဖူးပါတယ် ။ လေ့ကျင့်ရေး အစီအစဉ်တွေမှဆို သူဟာ ဦးတည်ချက် ၊ ခံယူချက် ကောင်းကောင်းနဲ့ အမြဲတမ်း ကြိုးစားတတ်ပါတယ် ။ သူဟာ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ကစားပုံမှာ အချက်အခြာ ကျပါတယ် ။ ”

” အမြဲ တွန်းတွန်းတိုက်တိုက် ကစားတယ် ၊ ပြိုင်ဖက်တွေကို တော်ရုံနဲ့ ကျော်တက်ခွင့် မပေးဘူး ၊ သာမန် ခံစစ်မှူးတွေ မလုပ်ချင်တဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေတွေမှာ သူ အမြဲတမ်း စွန့်စား ကစားပေးပါတယ် ။ ချဲလ်ဆီးကို သူဟာ အမြဲတမ်း ရှေ့တန်းမှာပဲ တင်ထားတာပါ ။ ”

” ကျွန်တော် ကတော့ သူ ဒီမှာ ဆက်နေဖို့ မျှော်လင့်ပါတယ် ။ အထူးသဖြင့် မျိုးဆက်သစ် လူငယ် ကြယ်ပွင့်တွေ အတွက် သူဟာ စံပြ ကစားသမား တဦး ဖြစ်ပါတယ် ။ ကျွန်တော် ချဲလ်ဆီး လူငယ် နည်းပြ တဦး အနေနဲ့ တာဝန်ယူနေတဲ့ ကာလ တလျှောက် လူငယ် ကြယ်ပွင့်လေးတွေဟာ ရူဒီဂါ ဘယ်လောက်ထိ တော်တဲ့ အကြောင်း ကျွန်တော့ကို အမြဲ လာလာပြောကြပါတယ် ။ ”

” ခင်ဗျား ဟာ ဒီလို ကစားသမားမျိုးကို ကိုယ့်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ မဖြစ်မနေ ထိန်းကို ထိန်းထားရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ် ကလည်း အက်ရ်ှလေကိုးလ်ရဲ့ သုံးသပ်ချက်ကို အခုလိုပဲ ထောက်ခံ ပြောဆိုသွားခဲ့ပါတယ် ။

ဂျေမီ ရက်ဒ်နပ် က ” ချဲလ်ဆီး ဟာ ရူဒီဂါကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မရမက ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။ သူလို ခံစစ်မှူးမျိုး ကမ္ဘာပေါ်မှာ အများကြီး မရှိတော့ပါဘူး ။ ခုခေတ် မော်ဒန် ခံစစ်မှူး အများစု ဟာ သဘောကောင်းကောင်းပဲ ကစားတတ်ကြပါတယ် ။ ”

” ပြိုင်ဖက် တိုက်စစ် ကစားသမားတွေကို ဖိဖိစီးစီး တွန်းတွန်းတိုက်တိုက် ကန်ကျောက် တုန့်ပြန်တတ်တဲ့ ခံစစ်မှူး ဆိုတာ ရှားသွားပါပြီ ။ ရူဒီဂါရဲ့ ကစားပုံကို ကြည့်လိုက်တဲ့အခါ ၊ ဒီလို အရည်အသွေးမျိုးကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီးဖက်က ကြည့်ရင် ၊ သူ့ကို ထိန်းနိုင်ဖို့ အရာရာ ကြိုးစားရပါမယ် ။ ”

” ဒါပေမယ့် ရူဒီဂါဖက်က ကြည့်ရင်တော့ လက်ရှိ အခြေအနေ က သူ့အတွက် လုံးဝ ဟန်ကျပါပဲ ။ ဘာလို့လဲ ဆိုတော့ အသင်းတိုင်းက သူ့ကို လိုချင်ကြတာကိုး ။ အကယ်၍ ဒီနေရာမှာ လီဗာပူးသာဆိုရင် ၊ ခင်ဗျား ဟာ သူ့ကို ဗာဂျယ် ဗန်ဒိုက်နဲ့ တွဲကစားဖို့ စိတ်ကူးယဉ်မိမှာ အသေအချာပါပဲ ။ ”

” ချဲလ်ဆီးကသာ သူ့ကို စာချုပ် မချုပ်နိုင်ရင် ၊ လာမယ့် နွေရာသီမှာ သူဟာ free agent ကစားသမား ဖြစ်လာပါမယ် ။ လစာ အများကြီး ပုံပေးရမယ့် အခက်အခဲ တခုပဲ ရှိနိုင်ပါမယ် ။ ဒါပေမယ့် သူဟာ သောမတ်စ် တူချယ် ချဲလ်ဆီးကို ရောက်လာပြီး နောက်ပိုင်း ၊ လုံးဝ ပြောင်းလဲ တိုးတက်သွားတဲ့ ခံစစ်မှူး ဖြစ်လာပါတယ် ။ ဒါဟာ အံ့သြဖွယ်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR