လီဗာပူး vs အာဆင်နယ် တို့ရဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကို ခန့်မှန်းသုံးသပ်သွားခဲ့တဲ့ အက်ရ်ှလေကိုး

ယနေ့ည လီဗာပူးနဲ့ အန်ဖီးမှာ ကစားသွားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် မတိုင်မီ အက်ရ်ှလေကိုးက သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အနေနဲ့ ဒီရာသီမှာ ဆုဖလား ရနိုင်မယ့် အကောင်းဆုံး အခွင့်အရေး ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ် ဘယ်နောက်ခံလူဟောင်းက ယာဂန်ကလော့ရဲ့ အသင်းဟာ နှစ်ကျော့ ကစားသွားရမယ့် ဆီမီးဖိုင်နယ် အဆင့်မှာ အာဆင်နယ် အတွက် အနည်းငယ် ကောင်းလွန်းနေလောက်တယ်လို့ မျှော်လင့် ထားပါတယ်။

ချဲလ်ဆီးဟာ မနေ့ညက တော့တင်ဟမ်ကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၀ နဲ့ အတူ ၀င်ဘာလေမှာ ကစားရမယ့် ဖိုင်နယ်ပွဲစဉ်ကို တက်ရောက် သွားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ လိဂ်ဖလားကို ငါးကြိမ် ဆွတ်ခူးထားခဲ့တဲ့ ချဲလ်ဆီးဟာ လာမည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ၀င်ဘာလေဖိုင်နယ်မှာ ဘယ်အသင်းနဲ့ ကစားသွားရမလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်နေတော့မှာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ကိုဗစ် outbreak ကြောင့် ပထမအကျော့ကို တစ်ပတ် ရွေ့ဆိုင်းခဲ့တာ ဖြစ်ပြီး ယနေ့ညမှာတော့ အန်ဖီးမှာ ပထမအကျော့ကို ကစားသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ် နဲ့ ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သူ အက်ရ်ှလေကိုး ကတော့ အင်္ဂလန်ရဲ့ အင်အားကြီး ၂ သင်း မာဆေးဆိုက်မှာ ကစားသွားရမယ့် ပွဲစဉ်ဟာ တကယ့်ကို ကြည့်ကောင်းမယ့် ပွဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့် နေပါတယ်။

အက်ရ်ှလေကိုး က “ကျွန်တော် ကတော့ လီဗာပူးဟာ အာဆင်နယ် အတွက် အနည်းငယ် ကောင်းလွန်းနေလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ လက်ရှိမှာ မိုဆာလား နဲ့ ဆာဒီယိုမာနေး တို့ကို လက်လွှတ်ထားရတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူတို့ဟာ အာဆင်နယ် အတွက် အနည်းငယ် ကောင်းလွန်းနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပွဲဟာ အရမ်းကောင်းပြီး ကြည့်လို့ ကောင်းမယ့် ပွဲစဉ် ဖြစ်လာမှာတော့ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဂန်းနားတို့ဟာ ဒီပွဲစဉ်မတိုင်မီ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့တဲ့ အပြင် နော့တင်ဟမ်ဖောရက်ကို အက်ဖ်အေဖလားမှာ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။ ကိုးလ်က အာဆင်နယ် ကစားသမားတွေ အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ် တစ်ချို့က ရလဒ်တွေ အပေါ် စိတ်ပျက်နေမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကိုးလ်က “သူတို့ဟာ နော့တင်ဟမ်ဖောရက်စ် ကွင်းမှာ ကစားပုံ မကောင်းခဲ့ပါဘူး။ လိဂ်ဖလား ဆီမီးဖိုင်နယ် အဆင့်ကို ရောက်နေပြီ ဖြစ်တာကြောင့် ဒါဟာ ဖိုင်နယ်ကို တက်ရောက်နိုင်ရန် အရမ်းကောင်းတဲ့ အခွင့်အရေး ဖြစ်ပြီး အာဆင်နယ်ဟာ ဒီလို အဆင့်မှာ ရှိသင့်တဲ့ အသင်းပါ။ ဒါပေမယ့် သူတို့ဟာ အရမ်းကို ကစားရ ခက်ခဲတဲ့ လီဗာပူး အသင်းနဲ့ ရင်ဆိုင် သွားရမှာပါ။” လို့ ဆိုလိုက် ပါတယ်။

ဒီပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာတော့ အာဆင်နယ် နည်းပြ အာတီတာက အသင်းရဲ့ ကိုဗစ် နဲ့ ဒဏ်ရာပြသနာ အပြင် အာဖရိကဖလားကို ကစားသမား တစ်ချို့ စေလွှတ်ထားခဲ့ရတာကြောင့် ယနေ့ညပွဲကို ကစားဖြစ်မလားဆိုတာ အာမခံချက် မပေးနိုင်ဘူးလို့ ဆိုထားခဲ့ပါသေးတယ်။

SM