တော့တင်ဟမ်နဲ့ ပွဲမှာ သီယာဂို ဆေးလ်ဗားကို ဘာကြောင့် လူစားဝင်စေခဲ့တယ် ဆိုတာ ရှင်းပြရင်း ၊ ရူဒီဂါ ကို စာချုပ်သစ် ချုပ်နိုင်ဖို့ ယုံကြည်နေကြောင်း ဖွင့်ဟခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲမှာ တော့တင်ဟမ် အသင်းကို နောက်ခံလူ အန်တိုနီယို ရူဒီဂါရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြန်ပြီး ၊ ၂ကျော့ပေါင်း ရလဒ် ၃ဂိုး ဂိုးမရှိနဲ့ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ် ။

လာမယ့် စနေနေ့မှာ မန်စီးတီးနဲ့ ပွဲကြပ် ကစားဖို့ ရှိနေပေမယ့် ၊ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ မနေ့ညက ပွဲမှာ တောင့်တင်းတဲ့ ပွဲထွက်စာရင်းကို အသုံးပြုခဲ့ပြီး ၊ ကစားသမား အချို့ကိုသာ ကြံ့ခိုင်မှု ပြည့်စေဖို့ ချန်လှပ်ခဲ့တာကို တွေ့ရပါတယ် ။

အထူးသဖြင့် ကိုဗစ်က ပြန်လာတာ ရက်အနည်းငယ်သာ ရှိသေးတဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားနဲ့ ပြင်သစ် ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေတို့ကို ပွဲကြံ့ခိုင်မှုနဲ့ ရစ်သမ် ရစေဖို့ အလို့ငှာ ဒုတိယပိုင်း မိနစ် အချို့ လူစားဝင် ကစားစေခဲ့ပါတယ် ။

ကိုင်ဟာဗက်ဇ် ၊ ခရစ်တီယန် ပူလီဆစ် တို့ကိုတော့ တူချယ် တယောက် အပြည့်အဝ အနားပေးခဲ့ပါတယ် ။ ဒါ့အပြင် သီယာဂို ဆေးလ်ဗားနဲ့ ကန်တေ တို့ဟာ အနည်းငယ် ယိုင်နဲ့နေတဲ့ ချဲလ်ဆီးရဲ့ ပွဲထိန်းချုပ်အား ကို ပိုပြီး ကောင်းစေခဲ့တာကို တွေ့ရပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာတော့ တူချယ် က ၄ယောက်တန်း ခံစစ် ဟာ ပထမပိုင်းမှာ အဆင်ပြေခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ လိုအပ်ချက်တွေ ရှိလာတဲ့အတွက် ၊ ခရစ်တန်ဆန်ကို ထုတ်ပြီး သီယာဂို ဆေးလ်ဗားကို ထည့်သွင်းကာ ၊ အတွေ့အကြုံနဲ့ ပွဲထိန်းဖို့ ကြိုးစားခဲ့တာ ဖြစ်ကြောင်း အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

တူချယ် က ” ယေဘူယျ ခြုံပြောရရင် သီယာဂိုနဲ့ အန်ဂိုလို တို့ဟာ ကိုဗစ် က ပြန်လာပြီးနောက် ၊ ကြံ့ခိုင်မှု အတွက် အရေးပါတဲ့ မိနစ် အချို့ ရဖို့ လိုအပ်ခဲ့ပါတယ် ။ ဒါပေမယ့် အရိုးသားဆုံး ဝန်ခံရရင် သီယာဂို ကို ဒီနေ့ပွဲမှာ ဖြစ်နိုင်ရင် လုံးဝ မသုံးချင်ခဲ့တာပါ ။ ”

” ဒါပေမယ့် အန်ဒရီယာစ် ဟာ လူစားလဲခံရဖို့ လိုအပ်ခဲ့ပြီး ၊ ပွဲထိန်းချုပ်မှု ကဏ္ဍမှာ လိုအပ်ချက် အနည်းငယ် ရှိလာတယ်လို့ ခံစားခဲ့ရတာကြောင့် ၊ နဂို အသုံးပြုနေကျ ၃ယောက်တန်း ခံစစ်ကို ပြန်ပြောင်းပြီး ၊ သီယာဂို ကို လူစားဝင်စေခဲ့တာပါ ။ ”

” အဲဒီ အခိုက်အတန့် ဟာ ဂိုးတွေ ထပ်ရဖို့ထက် ၊ ပွဲစီမံခန့်ခွဲမှုနဲ့ ပိုပြီး သက်ဆိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ခုနက ပြောခဲ့သလို ၊ သီယာဂို ကို မသုံးရရင် ပိုကောင်းမှာ ဖြစ်ပေမယ့် ၊ အခုတော့ သူ့ကို နောက်ထပ် လေ့ကျင့်ရေး အစီအစဉ် တခု ပြီးရင် ၊ အနား နည်းနည်းပါးပါး ပေးရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ အားထားရတဲ့ ဂျာမန် လက်ရွေးစင် ခံစစ်မှူး ရူဒီဂါရဲ့ စာချုပ်သစ် ဆွေးနွေးမှု ကိစ္စ ဟာလည်း မနေ့ညက သူ့ရဲ့ သွင်းဂိုး အပြီးမှာ ၊ ချဲလ်ဆီး ပရိသတ်တွေ အကြား ပိုပြီး ဟော့လာခဲ့ပါတယ် ။ ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့် ပေးရနိုင်ခြေ များနေတာကြောင့် ၊ ချဲလ်ဆီး ဘုတ်အဖွဲ့ အနေနဲ့ ထိုကိစ္စကို ဖြစ်နိုင်ရင် အမြန်ဆုံး အပြီးသတ်ဖို့ လိုနေပါတယ် ။

သို့ပေမယ့် တူချယ် ကတော့ ရူဒီဂါ ကို စာချုပ်သစ် ချုပ်နိုင်မယ်လို့ ယုံကြည်နေကြောင်းကို ” တိုနီ ဟာ ကျွန်တော်တို့ အတွက် ဘယ်လောက်ထိ အရမ်း အရေးပါတယ် ဆိုတာ လူတိုင်း သိကြပါတယ် ။ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး သို့လော သို့လော ယူဆချက်တွေ အများကြီး ထွက်နေတာ မှန်ပါတယ် ။ ”

” ကျွန်တော်ကတော့ တိုနီကို အသင်းက ဆက်ထ်ိန်းမယ်လို့ ယုံကြည်နေပါတယ် ။ ကျွန်တော်တို့မှာ သူ့ကို ကမ်းလှမ်းစရာ အရာတွေ အများကြီး ရှိပါတယ် ။ သူဟာ ချဲလ်ဆီး ဂျာစီကို ဝတ်ဆင်ရတာ ၊ ချဲလ်ဆီး ပတ်ဝန်းကျင်မှာ နေထိုင်ရတာကို ကြိုက်နှစ်သက်ပါတယ် ။ ဒါကို သူကိုယ်တိုင်လည်း ကောင်းကောင်း သဘောပေါက်မယ် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR