ဒဏ်ရာပြသနာကြောင့် ရာသီအကုန်ထိ အနားယူရတော့မယ့် ခီယေဇာ

ယူဗင်တပ် အသင်းရဲ့ အီတလီ တောင်ပံ ကစားသမား ခီယေဇာ ဟာ မနေ့ညက ရိုးမား ကို 3-4 နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

အသက် 24 နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကစားသမားဟာ ပထမပိုင်း မှာပဲ လူစားလဲလိုက်ရပြီး ၊ ဒီမနက် လေ့ကျင့်ရေးကွင်း ကို ရောက်ရှိလာချိန်မှာတော့ ချိုင်းထောက် အသုံးပြုကာ လမ်းလျှောက်နေရတာတွေ့ရပါတယ်။

အသင်းရဲ့ တရားဝင် ထုတ်ပြန် ကြေငြာချက်မှာတော့ “ J Medical စင်တာမှာ ဒဏ်ရာ နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးပါပြီ။ ACL ဒဏ်ရာ အမျိုးအစား ဆိုတာ အတည်ပြုလို့ရပါတယ်။ ဒါကြောင့်မို့ လာမယ့် ရက်ပိုင်း အတွင်းမှာ ခွဲစိတ် ကုသမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်” လို့ ဖော်ပြသွားခဲ့ ပါတယ်။

Sky Sports သတင်းဌာန ကတော့ ခီယေဇာ ဟာ လက်ကျန် ရာသီ တစ်ခုလုံးကို ကစားပေးနိုင်မှာ မဟုတ်တဲ့ အပြင် ၊ အီတလီ ရဲ့ ကမ္ဘာ့ဖလား PlayOff ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။

သူဟာ ဒီရာသီမှာ ယူဗင်တပ် အတွက် စီးရီးအေ ပွဲစဉ်ပေါင်း 14 ပွဲ ပါဝင် ကစားပေးထားကာ 2 ဂိုး သွင်းပြီး ၊ ဂိုးဖန်တီးမှု 3 ကြိမ် လုပ်ဆောင် ပေးထားခဲ့ပါတယ်။

အီတလီ ကတော့ ကမ္ဘာ့ဖလား Playoff အကြို ဗိုလ်လုပွဲ စဉ် အဖြစ် မြောက် မက်ဆီဒိုးနီးယား အသင်းနဲ့ မတ်လ 24 ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီ ပွဲစဉ်ကို ကျော်ဖြတ် နိုင်ခဲ့ပါက တူရကီ/ ပေါ်တူဂီ တို့ထဲက တစ်သင်းနဲ့ PlayOff ဗိုလ်လုပွဲ ကစားရမှာပါ။ အဲဒီ ပွဲ အနိုင်ရတဲ့ အသင်းကပဲ ကမ္ဘာ့ဖလား ဝင်ခွင့်ကို ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ယူဗင်တပ် အတွက်တော့ ခီယေဇာ ဒဏ်ရာရသွားတဲ့ သတင်းဟာ ထိုးနှက်ချက်ကြီး တစ်ခုဖြစ်ပြီး ၊ အမှတ်ပေးဇယားထိပ် က အင်တာ မီလန်ကို အမှီလိုက်ဖို့ အင်အားတွေ လျှော့နည်းသွားခဲ့ပါတယ်။ လက်ရှိမှာ အင်တာ မီလန် ထက် 11 မှတ် လျှော့ကာ အဆင့် 5 နေရာမှာ ရပ်တည်နေတာပါ။ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာတော့ ဗီလာ ရီးရဲ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ယူဗီ ဟာ သူတို့ ရဲ့ ဆွီဒင် တိုက်စစ် ကစားသမား ကူလူဆက်စကီး ကို စပါးထံ ရောင်းချဖို့ ဟန်ပြင်နေခဲ့ပါတယ်။ သို့သော် ခီယေဇာ ရဲ့ ဒဏ်ရာသတင်းကြောင့် အဲဒီ ကိစ္စ ပျက်ပြယ်သွားဖွယ် ရှိပြီး ၊ ကူလူဆက်စကီး ကို အသင်းမှာပဲ ဆက်ထိန်းသွားဖွယ် ရှိနေပါတယ်။

ဒါ့အပြင် လက်ရှိ အပြောင်းအရွှေ့ ကာလမှာလဲ တိုက်စစ် ကစားသမား တစ်ယောက် ထပ်မံ အားဖြည့်သွားမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိ အနေအထားအရ မွိုင်ဆီ ကင်း နဲ့ မက် ကန်နီ တို့ဟာလဲ တောင်ပံ တိုက်စစ်ဘက်ကို ထွက်ပြီး ကစားပေးနိုင်သူ ဖြစ်ပါတယ်။

သို့သော် ဘီနာဒက်စ်ခီ ကတော့ နဂို ကတည်းက တောင်ပံ ကစားသမား ဖြစ်လို့ ၊ အခွင့်ကောင်း ယူပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ခီယေဇာ ဟာ 2020 ခုနှစ် က ဖီအိုရင်တီးနား အသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၊ ယူဗင် အနေနဲ့ အပြီးသတ် ဝယ်ယူရမယ့် ကာလ ရောက်ရင် ယူရို သန်း 60 + စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ ဆက်လက် ပေးချေမှုတွေကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

SM