“ ဆာလာ နဲ့ ပတ်သက်ပြီး ပြောတဲ့ ကျနော့် ရဲ့ မှတ်ချက်စကားကြောင့် ၊ ရိုနာဒို စိတ်မကောင်း ဖြစ်နေပါလိမ့်မယ်” ကားလို့စ် ကွီးရော့

ယူနိုက်တက် လက်ထောက်နည်းပြဟောင်း ဖြစ်သူ ပေါ်တူဂီ သားကြီး ကားလို့စ် ကွီးရော့ဇ် က မို ဆာလာ နဲ့ ပတ်သက်ပြီး သူ့ပြောလိုက်တဲ့ မှတ်ချက်စကားကိုသာ ရိုနာဒို ကြားသွားရင် စိတ်မကောင်း ဖြစ်နေလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ကွီးရော့ဇ် ဟာ လက်ရှိမှာ အီဂျစ် လက်ရွေးစင် အသင်းကို တာဝန်ယူထားသူ ဖြစ်ပြီး ၊ မို ဆာလာ ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလို့ သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဆာလာ ဟာ ဒီရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲပေါင်းစုံ 26 ပွဲ ကစားထားကာ ၊ စုစုပေါင်း 23 ဂိုး သွင်းယူပြီး ၊ 9 ကြိမ် ဂိုးဖန်တီးမှု လုပ်ဆောင်ထားပါတယ်။ ပရီးမီးယားလိဂ် မှာ ဆိုရင် စုစုပေါင်း သွင်းဂိုး 16 ဂိုး နဲ့ အရေအတွက် အများဆုံး သွင်းယူထားသလို ၊ ဂိုးဖန်တီးမှု ဇယားမှာလဲ ကစားဖော် အာနိုး နဲ့ 9 ကြိမ်စီ ဖန်တီးရဲ့ ထိပ်ဆုံးမှာ ပူးတွဲ ရပ်တည်လျှက် ရှိနေပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြကြီး ကားလို့စ် ကွီးရော့ဇ် က “ ခင်ဗျား တို့ နဲ့ ကျနော့် ရဲ့ အမြင်နဲ့ အတူတူပဲ ဖြစ်မယ် ထင်ပါတယ်။ ကျနော်တို့ အသင်းမှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ယောက် ပိုင်ဆိုင်ထားတယ်လေ။ တကယ်လို့ ဒီစကားကိုသာ ရိုနာဒို ကြားသွားရင် ၊ စိတ်မကောင်း ဖြစ်နေပါလိမ့်မယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

အီဂျစ် ဟာ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ဆင်နွှဲဖို့ မနက်ဖြန် မှာပဲ ကင်မရွန်း ကို ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အုပ်စု အဖွင့်ပွဲစဉ် အဖြစ် သူတို့ဟာ အင်္ဂါနေ့ညမှာ နိုက်ဂျီးရီးယား အသင်းနဲ့ စတင် ယှဉ်ပြိုင် ကစားရမှာပါ။

အီဂျစ်ဟာ ဒီပြိုင်ပွဲကို ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ၊ ပရိသတ်တွေ ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝအောင် စွမ်းဆောင်ပြသွားမယ့် အကြောင်းကိုလဲ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ Allam က အခုလို ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ အီဂျစ် ဟာ ကင်မရွန်း ကို အလှပြဖို့ သွားတာ မဟုတ်ပါဘူး။ ကျနော့် တို့ ရည်ရွယ်ချက် က အာဖရိက ဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ အတွက်ပါ။ အဲဒီ အတွက်ပဲ အမြဲတမ်း ပစ်မှတ်ထားပြီးကစားမှာ ဖြစ်ပါတယ်။

ကျနော်တို့ အဖွဲ့ချုပ် အနေနဲ့ အသင်းရဲ့ လိုအပ်ချက်တွေ အားလုံးကို အဆင်ပြေအောင် ကူညီထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ သူတို့ ကလဲ ဒီပြိုင်ပွဲမှာ အောင်မြင်မှု ရဖို့ စိတ်အား ထက်သန်နေကြပါတယ်” လို့ ပြောပြသွားခဲ့ ပါတယ်။

အာဖရိက နိုင်ငံများ ဖလား အုပ်စု D

အီဂျစ်
ဂွီနီယာ-ဘစ်ဆာအူ
နိုက်ဂျီးရီးယား
ဆူဒန်

SM