အင်တာ မီလန် နဲ့ ကစားရမယ့် အပေါ် မှတ်ချက် ပေးလိုက်တဲ့ ရော်ဘတ်ဆန်

မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် မဲခွဲပွဲ ကတော့ ပြောစရာတွေ တော်တော်လေး ဖြစ်ခဲ့ပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ်လို ကမ္ဘာပေါ်မှာ အင်အား အကြီးမားဆုံး ဘောလုံး အဖွဲ့အစည်းကြီး တစ်ခုက မဲခွဲပွဲမှာ အမှားအယွင်းတွေ ဖြစ်ပေါ်ခဲ့လို့ ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို ၊ မဲခွဲပွဲကိုလဲ နှစ်ကြိမ် ပြန်ပြီး လုပ်လိုက်ရပါတယ်။

လီဗာပူး ဟာ ပထမ အကြိမ် မဲခွဲခဲ့စဉ် က သြစတီးယား ကလပ် ဆဲလ်ဘု နဲ့ ကျခဲ့တာပါ။ သို့သော် ဒုတိယ အကြိမ် မဲပြန်ခွဲရာမှာတော့ အီတလီ ချန်ပီယံ အင်တာ မီလန် နဲ့ တွေ့ဆုံခဲ့ ပါတယ်။

အုပ်စုတွင်း တုန်းက စပိန် ချန်ပီယံ အေတီကို နဲ့ ရင်ဆိုင် ကစားခဲ့ရသလို ၊ ရှုံးထွက် အဆင့်မှာလဲ အင်တာ မီလန် နဲ့ တွေ့ဆုံနေပြန်တာကြောင့် လီဗာပူး ရဲ့ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် ခရီးဟာ 100% နိုင်ပွဲတွေ နဲ့ ရှေ့ဆက်နေသည့်တိုင်အောင် ကံကောင်းတဲ့ ခရီးစဉ်မျိုး မဟုတ်ဘူးလို့ မှတ်ချက် ပေးလို့ ရပါတယ်။

သို့သော် အုပ်စု နောက်ဆုံး ပွဲစဉ် အေစီ မီလန် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကစားခွင့် မရခဲ့တဲ့ ရော်ဘတ်ဆန် ကတော့ အကောင်းဘက်ကနေ အခုလို ရှုမြင်ထားပါတယ်။

“ နောက်တစ်ကြိမ် ကျလာတဲ့ ပြိုင်ဘက်က ပိုပြီး ရင်ခုန်စရာ ကောင်းလွန်း ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆန်စီရို ကွင်းထဲမှာ ကစားခဲ့တုန်းက ဆိုရင် ကျနော် က အရန်ခုံမှာပဲ ရှိခဲ့တာလေ။ အခုတော့ အဲဒီ ကွင်းကြီးထဲမှာ ကစားခွင့် ရဖို့ မျှော်လင့်ချက် ရှိလာပြီပေါ့။ ဆန်စီရို ကွင်းကြီး ဟာ ကျနော် ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လာခဲ့တဲ့ အချိန်က စလို့ ၊ သွားရောက် ကစားခွင့် ရဖို့ အိပ်မက် မက်ထားခဲ့တဲ့ နေရာ တစ်ခုပါ။

သမိုင်းဝင် မှတ်တမ်းတွေ နဲ့ ခမ်းနားလွန်းတဲ့ ဘောလုံးကွင်းကြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ် အေစီ မီလန် နဲ့ ကစားဖို့ ရောက်သွားတုန်းက ဆိုရင် ကွင်းထဲကိုတောင် လှည့်ပတ်ပြီး ကြည့်ဖြစ်ခဲ့သေးတယ်လေ။ ဒီတစ်ကြိမ်မှာတော့ ကိုယ်တိုင်ကိုယ်ကျ ကစားခွင့်ရမယ်လို့ မျှော်လင့်ထားပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ အုပ်စုတွင်းမှာတော့ အင်တာ မီလန် ရဲ့ မြို့ခံပြိုင်ဘက် အေစီ မီလန် နဲ့ အတူတူ ကျရောက်ခဲ့ဖူးပါတယ်။ အန်ဖီးလ် မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ 3-2 ရလာဒ် နဲ့ အနိုင် ကစားပြခဲ့သလို ၊ ဆန်စီရို က ဒုတိယ အကျော့မှာလဲ အိုရီဂီ ရဲ့ သွင်းဂိုး နဲ့ နောက်တစ်ကြိမ် ထပ်မံ အနိုင်ယူပြခဲ့ ပါတယ်။

အဲဒီ ပွဲအပြီးမှာတော့ အေစီ မီလန် နည်းပြ ပီအိုလီ က သူ့ အသင်းနဲ့ လီဗာပူး အကြား ကွာဟချက်ဟာ အရမ်းကို ကြီးမားလွန်းတယ်လို့ ဝန်ခံသွားခဲ့ဖူးပါတယ်။

သို့သော် ဒီတစ်ကြိမ် တွေ့ဆုံရမှာ က စီးရီးအေ ချန်ပီယံ ဖြစ်ထားတဲ့ အင်တာ မီလန် ဖြစ်ပါတယ်။

ရော်ဘတ်ဆန် ကတော့ “ မီလန် နှစ်သင်း စလုံးဟာ စီးရီးအေ ချန်ပီယံ ဆု အတွက် အပြင်းအထန် တိုက်ပွဲဝင်နေကြတာပါ။

အုပ်စုတွင်းမှာ တုန်းကတော့ အေစီ မီလန် နဲ့ ကစားခဲ့ဖူးလို့ ဘယ်လောက်အထိ ခက်ခဲတဲ့ ပြိုင်ဘက်မျိုးလဲ ဆိုတာ သဘောပေါက်ထားပါတယ်။ အထူးသဖြင့် အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲက ပိုပြီး ခက်ပါတယ်။ သူတို့ ရဲ့ တုန့်ပြန် ကစားပုံက တော်တော်လေးကို အခက်တွေ့စေခဲ့သလို ၊ အနိုင်ရဖို့တောင် အများကြီး အားထုတ်လိုက်ရတာပါ။

အခု အင်တာ နဲ့ တွေ့ဆုံချိန်မှာလဲ အလားတူတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အင်တာ မီလန် နဲ့ အေစီ အကြားမှာ ကွာဟချက်က ကြီးမားမှာ မဟုတ်ပါဘူး။ 16 သင်း အဆင့် ရှုံးထွက် ပွဲမျိုး ဖြစ်နေတော့ ပိုပြီးတောင် ပြိုင်ဆိုင်မှု က ပြင်းထန်သွားနိုင်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ပထမ အကျော့ ပွဲစဉ်ကို ဖေဖော်ဝါရီလ 16 ရက်နေ့ ဆန်စီရို ကွင်းကြီးထဲမှာ ကစားမှာ ဖြစ်ပြီး ၊ ဒုတိယ အကျော့ ပွဲစဉ်ကိုတော့ မတ်လ 8 ရက်နေ့ အန်ဖီးလ်မှာ ပြန်ကစားမှာ ဖြစ်ပါတယ်။

ဥရောပ ဘောလုံး အဖွဲ့ချုပ်ဟာ ဒီနှစ်မှာ ချန်ပီယံ လိဂ် စည်းမျဉ်း အပြောင်းအလဲ တချို့ လုပ်ဆောင်ထားတာ ဖြစ်လို့ ၊ ရှုံးထွက် အဆင့် ပွဲစဉ်တွေမှာ အဝေးကွင်း ဂိုး စည်းမျဉ်းကို အသုံးပြုတော့မှာ မဟုတ်ပါဘူး။

SPORTS MYANMAR