ယနေ့ည ဝက်ဖို့ဒ်နဲ့ ပွဲကို သေချာပေါက် လွဲချော်မယ့် ချဲလ်ဆီး အသင်းသား ၃ဦးနဲ့ ပါဝင်ဖို့ မသေချာတဲ့ ချဲလ်ဆီး အသင်းသား ၃ဦး ရှိကြောင်း အတည်ပြုလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာ တန်းတက် ဝက်ဖို့ဒ် အသင်း ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ၊ ထိုပွဲကို လွဲချော်နိုင်တဲ့ ချဲလ်ဆီး အသင်းသား အမြောက်အမြား ရှိနေပါတယ် ။

ပြီးခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ချ် က မန်ချက်စတာ ယူနိုက်တက်နဲ့ တဖက် တဂိုးစီ သရေပွဲ ကို လုံးဝ လွဲချော်ခဲ့တဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ၊ ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ မတ်တီယို ကိုဗာဆစ် တို့ဟာ ယနေ့ည ဝက်ဖို့ဒ်နဲ့ ပွဲကိုလည်း ဆက်လက် လွဲချော်ဦးမှာ ဖြစ်ပါတယ် ။

မနေ့က လေ့ကျင့်ရေး အစီအစဉ် ကို ပါဝင် ပူးပေါင်းထားပေမယ့် ၊ ယနေ့ည ပွဲကို ပါဝင်ဖို့ မသေချာသေးတဲ့ ချဲလ်ဆီး အသင်းသား ၃ဦးလည်း ရှိနေပြီး ၊ ၎င်းတို့ဟာ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ၊ ကွင်းလယ်လူ ဂျော်ဂျင်ဟို နဲ့ တိုက်စစ်မှူး တီမို ဗာနာတို့ ဖြစ်ကြပါတယ် ။

ဒါတွေဟာ သာမန် အလုပ်ရှုပ်လေ့ရှိတဲ့ ဒီဇင်ဘာ ပွဲကြပ် ကာလမှာ ကြုံတွေ့ရတတ်တဲ့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေပဲ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ တူချယ် က ချဲလ်ဆီး အသင်းသားတွေရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ အကြောင်း အခုလိုပဲ အသေးစိတ် ပြောပြခဲ့ပါတယ် ။

တူချယ် က ” ရိုမီလူ အကြောင်း ပြောရရင်တော့ လွယ်ပါတယ် ။ တနင်္ဂနွေနေ့က ပွဲမှာ သူ လူစားဝင် အနေနဲ့ ပါဝင်ခဲ့တယ် ၊ ဒီနေ့မှာလည်း သူ အသင်းလိုက် ထရိန်နင်မှာ ပူးပေါင်းထားပါတယ် ။ သူ့ရဲ့ ဒဏ်ရာ ရထားတဲ့ ခြေကျင်းဝတ် နေရာက ထူးထူးခြားခြား တုန့်ပြန်မှုမျိုး မပြခဲ့ပါဘူး ။ ဒီတော့ နောက်ထပ် ကစားခွင့် မိနစ်တွေ အတွက် သူ အသင့်ရှိနေပါတယ် ။ ”

” ချီလီ ၊ ကိုဗာနဲ့ အန်ဂိုလို တို့ကတော့ မနက်ဖြန်ပွဲကို ဆက်လက် လွဲချော်မှာပါ ။ တချို့ အသင်းသားတွေလည်း မနက်ဖြန်ပွဲကို ပါဝင်ဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေပါသေးတယ် ။ ဂျော်ဂျီ ၊ ရိစ်နဲ့ တီမိုတို့ပါ ။ ဒီနေ့ လေ့ကျင့်ရေး အစီအစဉ် ကို ပူးပေါင်းခဲ့ကြပေမယ့် ၊ နောက်ထပ် ဆေးစစ်မှုတွေ လုပ်ပြီးမှ သူတို့ကို မနက်ဖြန်ပွဲမှာ အသုံးပြုဖို့ သင့်မသင့် ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

တဖက်မှာ ဒူးအရွတ် ဒဏ်ရာ ရသွားတဲ့ အားထားရတဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ ဒီဇင်ဘာလ အတွင်း ကစားရမယ့် ချဲလ်ဆီး အသင်းရဲ့ ပွဲအားလုံး ကို လွဲချော်ဖို့ သေချာနေသလို ၊ နှစ်သစ် ရောက်တဲ့ အချိန် အထိပင် ကစားပေးဖို့ မသေချာတဲ့ အနေအထား မှာ ရှိနေပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး အသင်း ဟာ ဘယ် wing-back နေရာ အတွက် စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို တဦးတည်းနဲ့ လုံလောက်မှု မရှိဘူးလို့ ယူဆထားတာကြောင့် ၊ ချန်ပီယံရှစ် ကလပ် ကိုဗင်ထရီ အသင်းသို့ တရာသီ အငှားထွက်ကာ ခြေစွမ်းပြနေတဲ့ အကယ်ဒမီထွက် ဆယ်ကျော်သက် ဘယ်နောက်ခံလူ အီယန် မတ်ဆင် ကို အငှားကနေ ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး တူချယ် က ” ချီလီ နေရာ အတွက် လုံလောက်တဲ့ အစားထိုးမှုတွေ ရှိလား ? ရှိပါတယ် ။ ပထမဆုံး အနေနဲ့ မားကို့စ် ဟာ ဒီရာသီ အစပိုင်း ချီလီ ကစားပေးဖို့ အသင့် မဖြစ်သေးတဲ့ အချိန် ၊ ကျွန်တော်တို့ဟာ သူနဲ့ ပရီးမီးယားလိဂ် နိုင်ပွဲတွေကို ရရှိခဲ့တာပါ ။ ကျွန်တော်တို့ သူ့ကို ယုံကြည်ပါတယ် ။ ”

” မားကို့စ် ဟာ အရမ်း အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ပြီး ၊ ဘယ် wing-back နေရာမှာ တဦးတယောက်မှ ဒဏ်ရာ မရခင်တုန်းကတောင် ကျွန်တော်တို့ဟာ စပါယ်ရှယ်လစ် ၂ဦး ကို ပိုင်ဆိုင်ထားခဲ့ပါတယ် ။ ဒီတော့ မျှတမှု ရှိတဲ့ အခြေအနေ တရပ်ပါပဲ ။ ၂ယောက်စလုံး ဟာ လက်ရွေးစင် အဆင့် ကစားသမားတွေ ဖြစ်ကြလို့ ၊ တခါတလေမှာ ပွဲထွက်ခွင့် ဆုံးဖြတ်ချက် ချရတာ ကျွန်တော့ အတွက် အကြပ်တွေ့စေခဲ့ပါတယ် ။ ”

” ရုတ်တရက် ဆိုသလိုပဲ ၊ အခု ချီလီ က ကာလရှည် ဒဏ်ရာ ရသွားတော့ ၊ ဘယ် wing-back နေရာ အတွက် လုံလောက်မှု မရှိတော့တဲ့ပုံ ပေါ်သလို ဖြစ်သွားပါတယ် ။ ဒီဇင်ဘာလ အတွင်း ပွဲစဉ်ဇယားကို ခင်ဗျား ကြည့်လိုက်မယ် ဆိုရင် ၊ ၃ရက် တပွဲနှုန်းနဲ့ ၈ပွဲ အထိ မားကို့စ် ကစားပေးနိုင်ဖို့ ဖြစ်နိုင်ပါ့မလား ။ မဖြစ်နိုင်ဖို့က များပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်တို့ဟာ အရေးကြုံရင် ကော်လမ် ကို wing-back အနေနဲ့ အသုံးပြုလို့ ရပါသေးတယ် ။ ဒီ အိုင်ဒီယာကို လိုအပ်တဲ့ အချိန် ရောက်ရင် ၊ ကျွန်တော်တို့ အသက်သွင်းသွားမှာပါ ။ လောလောဆယ်တော့ ဘယ် wing-back နေရာကို မားကို့စ် က တာဝန်ယူထားဆဲ ဖြစ်ပါတယ် ။ သူဟာ ဒီနေရာ အတွက် စပါယ်ရှယ်လစ် ဖြစ်ပြီး ၊ အသင်း အတွက် ဘာတွေ ယူဆောင်ပေးမလဲ ဆိုတာ သူ သက်သေပြနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR