နိုင်ငံတကာ ပွဲကာလ အပြီး ချဲလ်ဆီး အတွက် လုံးဝ ကစားခွင့် မရသေးတဲ့ ကြယ်ပွင့် တဦးရဲ့ နောက်ဆုံးရ စာချုပ်သစ် ချုပ်ဆိုမှု အခြေအနေ အကြောင်း ပြောပြလာတဲ့ တူချယ်

ယခုနှစ် ဘောလုံး ရာသီ အကုန်မှာ ချဲလ်ဆီး အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မြောက်တော့မယ့် စီနီယာ ကစားသမား အချို့ ရှိနေပြီး ၊ ထိုအထဲမှာ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန်လည်း တဦး အပါအဝင် ဖြစ်ပေမယ့် ၊ ၎င်းဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲကာလ နောက်ပိုင်း အသင်း အတွက် တပွဲမှ ပါဝင် ကစားခွင့် မရထားသေးပါဘူး ။

ဒဏ်ရာ ပြဿနာ ၊ ကြံ့ခိုင်မှု ပြဿနာ ကင်းရှင်းနေပေမယ့် ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ အရှေ့ ၃ပွဲမှာ ခရစ်တန်ဆန်ထက် အကယ်ဒမီထွက် အင်္ဂလန် ကြယ်ပွင့် လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ ကိုပဲ ပွဲထွက်ခွင့် ပေးထားခဲ့ပါတယ် ။

အခုလို ကစားခွင့်တွေ ပျောက်ဆုံးနေခြင်း ဟာ ခရစ်တန်ဆန်ရဲ့ စာချုပ်သစ်မှာ လက်မှတ် ရေးထိုးဖို့ နှောင့်နှေးနေခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ယူဆနေကြပြီး ၊ ကစားသမား ကိုယ်တိုင်ကလည်း နိုင်ငံတကာ ပွဲကာလ အတွင်း သူဟာ အနာဂတ်မှာ ချဲလ်ဆီး အတွက် ကစားပေးဖို့ မသေချာတဲ့ အကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ဖူးပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ သောမတ်စ် တူချယ် က ခရစ်တန်ဆန်ရဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အနေအထား ဟာ ပွဲကစားခွင့်တွေနဲ့ တိုက်ရိုက် ပတ်သက်မှု ရှိလာနိုင်သလား ဆိုတဲ့ အမေး အပေါ် ငြင်းဆန် ပယ်ချခဲ့ပေမယ့် ၊ ၎င်းအနေနဲ့ ချဲလ်ဆီး အသင်း အတွက် ဆက်လက် ပေးဆပ်ဖို့ လိုသေးတယ်လို့ မက်ဆေ့ချ်ပေးခဲ့ပါတယ် ။

တူချယ် က ” ဒီလိုမျိုး မဟုတ်ပါဘူး ။ အခြေအနေ က ခင်ဗျားတို့ မေးတာနဲ့ ပြောင်းပြန်ပါပဲ ။ ကျွန်တော်တို့ဖက်ကတော့ လတ်တလော ပွဲကစားခွင့် မရတဲ့ အနေအထား က အန်ဒရီယာစ်ရဲ့ စာချုပ်သစ် ကိစ္စ အပေါ် အနည်းနဲ့ အများ လွှမ်းမိုးမှု ရှိနိုင်တယ် ဆိုတာကိုတော့ မျှော်လင့်ထားရပါမယ် ။ ”

” ကျွန်တော့ဖက်က နားလည်ထားတာကတော့ အန်ဒရီယာစ်ရဲ့ စာချုပ် ကိစ္စနဲ့ ပတ်သက်ပြီး မကြာခင်မှာ သတင်းကောင်း တခုခု ထွက်လာနိုင်တာ ဖြစ်ပါတယ် ။ စာချုပ် ကိစ္စနဲ့ ပတ်သက်နေတဲ့ ကလပ် ၊ နည်းပြနဲ့ ကစားသမား တို့ကတော့ တူညီတဲ့ အရာကို အလိုရှိကြတာပါပဲ ။ ဒါဟာ ချဲလ်ဆီးမှာ ဆက်နေဖို့ပဲ ဖြစ်ပါတယ် ။ ”

” ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ပေးဆပ်မှု တခုခုကို တောင်းဆိုနေတာ ဖြစ်ပါတယ် ။ ဒါပြီးမှ ကျွန်တော်တို့ ရှေ့ဆက်နိုင်မှာပါ ။ ကျွန်တော်တို့ဟာ စာချုပ်သစ် ကိစ္စ အတည်ပြု ဖြစ်လာဖို့ စောင့်လာတာ အချိန် အတော်ကြာခဲ့ပါပြီ ။ ဒါဟာ အန်ဒရီယာစ်ရဲ့ ကွင်းတွင်း တုန့်ပြန်မှု အပေါ်မှာလည်း အများကြီး မူတည်ပါတယ် ။ ”

” အခု သူဟာ ကွင်းပြင်ပမှာလည်း တုန့်ပြန်မှုကောင်း ပြသဖို့ လိုနေပြီး ၊ စာချုပ်သစ် ကိစ္စ ကို ဆက်ဆွေးနွေးပေးရမှာပါ ။ ဘာလို့လဲ ဆိုတော့ သူ ကျွန်တော်တို့ကို ချဲလ်ဆီး အသင်းကို ချစ်တဲ့ အကြောင်း ၊ ဒီမှာ ဆက်နေချင်တဲ့ အကြောင်း ပြောထားလို့ပါ ။ နောက်ပြီး သူက ဒီအသင်းရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ချင်တဲ့ အကြောင်းလည်း ပြောခဲ့ဖူးပါတယ် ။ ”

” ကျွန်တော် ကတော့ သူဟာ ဒီအသင်းရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍ မှာ ပါဝင်နေပြီလို့ ထင်သလို ၊ ဒီအသင်းဟာလည်း သူနဲ့ အံကိုက်မှု ရှိပါတယ် ။ သူ့ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ဟာ အဆုံးသတ်ပြီလား ဆိုတဲ့ အမေးနဲ့လည်း အဝေးကြီးမှာပါ ။ သူဟာ ပိုမို ကြီးကျယ်တဲ့ ကစားသမား တယောက် အသွင်ဆီ တိုးတက်နိုင်ပါသေးတယ် ။ ”

” ဒါပေမယ့် ဒါဟာ သူ့အပေါ်မှာသာ မူတည်ပြီး ၊ ကျွန်တော်တို့ကတော့ သူ့ဆီကနေ လုံလောက်တဲ့ ပေးဆပ်မှုကို ဆက်လက် တောင်းဆိုပါတယ် ။ ဒါကို သူ့ဆီက ရလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR