ဂျော်ဂျင်ဟို အတွက် Ballon D’Or ဆု ရဖို့ မှန်းခဲ့သေးသလား ဆိုတဲ့ အမေး အပေါ် တုန့်ပြန် ပြောဆိုလိုက်တဲ့ တူချယ်

၂၀၂၁ ခုနှစ် အတွက် France Football အစည်းအရုံးမှ ချီးမြှင့်တဲ့ Ballon D’Or ဆုပေးပွဲ ဟာ မနေ့ကပဲ ပြီးဆုံးသွားခဲ့ပြီး ၊ ပီအက်စ်ဂျီနဲ့ အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီ ကပဲ ထိုဆု ကို စံချိန်တင် ၇ကြိမ်မြောက် အဖြစ် ဆွတ်ခူးသွားခဲ့ပါတယ် ။

မက်ဆီနဲ့ အပြိုင် Ballon D’Or ဆုကို ဆွတ်ခူးဖို့ ရေပန်းစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပိုလန် လက်ရွေးစင် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးနဲ့ ချဲလ်ဆီး အသင်းရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို တို့ဟာ ဒုတိယနဲ့ တတိယ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ် ။

ပြင်သစ် အားကစား ကလောင်ရှင်တွေနဲ့ နိုင်ငံ လက်ရွေးစင် အသင်းများမှ နည်းပြနဲ့ အသင်းခေါင်းဆောင်တွေ မဲပေး ရွေးချယ်မှုကြောင့် မက်ဆီ ဆွတ်ခူးခဲ့တာ မှန်ပေမယ့် ၊ လီဝမ်ဒေါစကီး ဟာလည်း ယခုနှစ် အတွက်ရော ၊ မနှစ်က အတွက်ပါ Ballon D’Or ဆုနဲ့ ထိုက်တန်မှု ရှိတယ် ဆိုတာကို ဘောလုံး ပရိသတ်တိုင်းလိုလို လက်ခံထားကြပါတယ် ။

တဖက်မှာ ဂျော်ဂျင်ဟို ဟာ တဦးချင်း စွမ်းဆောင်ရည် အရ ထိုဆု အတွက် မက်ဆီ ၊ လီဝမ်ဒေါစကီး တို့ကို တိုက်ရိုက် ယှဉ်ပြိုင်ဖို့ ခက်ခဲခဲ့ပေမယ့် ၊ အသင်းလိုက် အောင်မြင်မှု အပိုင်းမှာတော့ ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့သလို ၊ အီတလီ လက်ရွေးစင် အသင်းနဲ့ ယူရို ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ၊ ၄င်းတို့ ၂ဦးထက် အပြတ်သာခဲ့ပါတယ် ။

ဒီတော့ ချဲလ်ဆီးနဲ့ အီတလီ လက်ရွေးစင် အသင်းနဲ့ ပတ်သက်တဲ့ သူတိုင်းကတော့ ဂျော်ဂျင်ဟို ကို Ballon D’Or ဆု ရဖို့ မျှော်မှန်းခဲ့ကြဖို့ များမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ လီဝမ်ဒေါစကီးနဲ့ ဂျော်ဂျင်ဟို ကို ကျော်ဖြတ်ကာ ၊ မက်ဆီမှ ၇ကြိမ်မြောက် Ballon D’Or ဆု ရခဲ့တဲ့ အခုလိုပဲ တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ဒီ ငြင်းခုံမှုမှာ ကျွန်တော် ကိုယ့်ရဲ့ ဘာအမြင် တခုမှ ချမပြလိုပါဘူး ။ ကျွန်တော်တို့ဟာ ကလပ်နဲ့ နိုင်ငံ လက်ရွေးစင် အဆင့်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုနဲ့ ကြီးကြီးမားမား ပါဝင် ပတ်သက်ခဲ့တဲ့ ကစားသမား တဦး ပိုင်ဆိုင်ထားပါတယ် ။ ”

” ဒီတော့ ဂျော်ဂျီ သာ Ballon D’Or ဆုကို ဆွတ်ခူးခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့ အံ့သြခဲ့မိမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီဆု ဟာ အများက မဲပေး ရွေးချယ်တဲ့ ဆု ဖြစ်ပါတယ် ။ ဒီတော့ ကိုယ်က အရွေးခံရတယ် ဆိုရင် လက်ခံရပါမယ် ။ ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ခင်ဗျား လက်ခံရမှာပါပဲ ။ မနေ့က ဒီဆုပေးပွဲ ကျင်းပပြီးစီးသွားတော့ ကစားသမား အတွက် ဖိအားပိုပေါ့သွားတာပေါ့ ။ ”

” မနှစ် က လီဝမ်ဒေါစကီး Ballon D’Or မရခဲ့တာကို ကျွန်တော့ အသင်းသားတွေ အံ့သြခဲ့ကြပါတယ် ။ ဒီတော့ ဒီနှစ်ဆု အတွက်လည်း အံ့သြခဲ့တာတွေ ရှိပါတယ် ။ ဒါပေမယ့် ခုနက ပြောခဲ့သလိုပါပဲ ၊ မဲပေးစနစ်နဲ့ ရွေးချယ်တဲ့ အတွက် ဒါကို မှန်သည်ဖြစ်စေ ၊ မမှန်သည် ဖြစ်စေ ကျွန်တော်တို့ လက်ခံရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က Ballon D’Or ဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး ကလပ်ဆု ကို ရခဲ့ခြင်း က ၄င်းတို့ အသင်း အပေါ် ဘယ်လို motivation တွေ ပေးနိုင်မလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးလည်း ” ကျွန်တော် တဦးတည်းရဲ့ အမြင် အရတော့ ဒါက အများကြီး လှုံ့ဆော်မှု ပေးနိုင်မှာ မဟုတ်ပါဘူး ။ ဒီလို ဆုမျိုးမှာ ကျွန်တော့ဖက်က ယုံမှား သံသယ ဖြစ်တာတွေ ရှိပါတယ် ။ ”

” တဦးချင်းဆု ဆိုတာ ကံကောင်းခြင်း အများကြီး လိုပါတယ် ။ အခု ကျွန်တော်တို့ လုပ်နေတာ က အသင်းလိုက် ကြိုးစား အားထုတ်မှုပါ ။ ကစားသမား တဦးတယောက်တည်းနဲ့ ဘောလုံးပွဲ တပွဲကို အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး ။ ကျွန်တော် ဟာ Ballon D’Or ဆုမှာ ဆန်ခါတင် ပါဝင် အရွေးခံခဲ့ရတဲ့ ကစားသမား အများအပြားနဲ့ အလုပ် တွဲလုပ်ရတာ ဝမ်းမြောက်မိပါတယ် ။ ”

” ဒါဟာ ကလပ်ရဲ့ ရည်ရွယ်ချက် ဘယ်လောက်ထိ ကြီးမားတယ် ဆိုတာကို ပြသနေပါတယ် ။ ဒီ ပစ်မှတ်တွေကသာ ကျွန်တော်တို့ကို ဆာလောင်မှု ပြင်းပြစေတယ် ၊ စိတ်ဓာတ် လှုံ့ဆော်မှု ပေးစေပါတယ် ။ တဦးချင်း ဆုတံဆိပ်တွေ ရရှိဖို့ ကျွန်တော်တို့ ကြိုးစားနေတာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် အခုလို တနှစ်တာ အကောင်းဆုံး ကလပ်ဆု ကို ဆွတ်ခူးနိုင်ခဲ့တာ က ကျွန်တော်တို့ တည်ဆောက်နေတဲ့ စီမံကိန်း ၊ လျှောက်လှမ်းနေတဲ့ လမ်းစဉ် ဘယ်လောက်ထိ အကောင်အထည် ပေါ်နေတယ် ဆိုတာကို သက်သေပြထားပါတယ် ။ ဒါဟာ ဒီကလပ်နဲ့ ပတ်သက်တဲ့ လူတိုင်း အပေါ် မူတည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR