အနာဂတ် မသေချာနေတဲ့ ကြယ်ပွင့် ၂ဦးနဲ့ ပတ်သက်ပြီး ချဲလ်ဆီး အသင်းထံ သတိပေးလိုက်တဲ့ ဂလင်းဂျွန်ဆင်

လက်ရှိ ချဲလ်ဆီး အသင်းမှာ စာချုပ်သစ် မချုပ်ရသေးတဲ့ စီနီယာ ကစားသမား အများအပြား ရှိနေပြီး ၊ ထိုအထဲမှာ အများစု နောက်ခံလူတွေ ဖြစ်ကြပါတယ် ။ အန်တိုနီယို ရူဒီဂါ ၊ သီယာဂို ဆေးလ်ဗား ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ဆီဆာ အက်ဇ်ပီလီကွီတာ အစရှိတဲ့ စီနီယာ နောက်ခံလူတွေဟာ အသင်းနဲ့ စာချုပ် နောက်ဆုံးနှစ်ထဲကို ရောက်နေကြပါပြီ ။

ဒါ့အပြင် အခြား လူငယ် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ မေဆင်မောင့်နဲ့ ရိစ်ဂျိမ်းစ်တို့ကိုလည်း စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေပေမယ့် ၊ ကလပ် ဘုတ်အဖွဲ့ အနေနဲ့ စီနီယာ နောက်ခံလူတွေ အသင်းမှာ ဆက်ရှိနိုင်ဖို့ အရေးကို မဖြစ်မနေ ရှေ့တန်းတင် အာရုံစိုက်ဖို့ လိုအပ်နေပါတယ် ။

ယင်း နောက်ခံလူ ၄ဦးလုံး ဟာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် အရမ်း အားထားရတဲ့ ကစားသမားတွေ ဖြစ်ပြီး ၊ ရူဒီဂါနဲ့ ခရစ်တန်ဆန် တို့ကတော့ အနာဂတ် ချဲလ်ဆီးရဲ့ ဦးဆောင်သူတွေ အဖြစ် ရပ်တည်ပေးနိုင်တဲ့ အထိ အားထားလို့ ရနိုင်ပါတယ် ။

 

သို့ပေမယ့် ချဲလ်ဆီး အသင်းဟာ ၎င်းတို့ ၂ဦးလုံးကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ကတည်းက စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ စတင်ခဲ့တာ ဖြစ်ပေမယ့် ၊ အရင်ဆုံး စာချုပ် ချုပ်ဖြစ်သွားခဲ့တာ က အကယ်ဒမီထွက် ကြယ်ပွင့် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ ဖြစ်ခဲ့ပါတယ် ။

လစာ ကိစ္စ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေတဲ့ ရူဒီဂါ ကတော့ စာချုပ်သစ် ကိစ္စ အတွက် စိတ်မပူဖို့ ပရိသတ်တွေကို မက်ဆေ့ချ်ပေးထားသလို ၊ တူချယ် ကလည်း ၎င်းအပေါ် ယုံကြည်တဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲတွေမှာ အကြိမ်ကြိမ် ထောက်ခံပေးခဲ့ပါတယ် ။

အသက် ၂၅နှစ် အရွယ် ၊ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး ခရစ်တန်ဆန် ကိုတော့ ချဲလ်ဆီးတို့ ၅နှစ် စာချုပ် ချုပ်ဆိုနိုင်ဖို့ ယုံကြည်မှု ပြည့်ဝနေတဲ့ အကြောင်း နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေ အရ သိထားရပေမယ့် ၊ ကစားသမားဖက်ကတော့ ပြီးခဲ့တဲ့ နိုင်ငံပွဲ ကာလအတွင်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ သေသေချာချာ ထုတ်မပြောနိုင်သေးကြောင်း ဆိုထားပါတယ် ။

Betting Odds ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးနဲ့ လီဗာပူး နောက်ခံလူဟောင်း ဂလင်း ဂျွန်ဆင် ကတော့ အနာဂတ် မသေချာသေးတဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန် ကိုသာ ချဲလ်ဆီးဖက်က စာချုပ်သစ် မချုပ်နိုင်ဘူးဆိုရင် ဆိုးရွားတဲ့ ကပ်ပျက်မှုနဲ့ ကြုံနိုင်ကြောင်း အခုလိုပဲ သတိပေး ပြောဆိုခဲ့ပါတယ် ။

ဂလင်း ဂျွန်ဆင် က ” စီးပွားရေး ရှုထောင့်အရ ကြည့်ရင် ၊ ရူဒီဂါနဲ့ ခရစ်တန်ဆန် ကို အလွတ်နဲ့ လက်လွှတ်ရမယ့် အရေးက တကယ် ကပ်ဆိုက်ခြင်း တမျိုး ဖြစ်လာပါလိမ့်မယ် ။ သူတို့ ၂ယောက်ကို ကလပ်ဖက်က နှစ်ရှည် ထိန်းသိမ်းချင်တာ ၊ မထိန်းသိမ်းချင်တာ က တကဏ္ဍပါ ။ ”

” အခုအချိန်မှာ ခင်ဗျား ဟာ သူတို့ ၂ယောက်ကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးရမယ် ဆိုရင် ၊ သူတို့ရဲ့ နေရာကို အစားထိုးဖို့ ခင်ဗျား ဟာ ကြီးမားတဲ့ အလောင်းအစား ခေါ်ယူမှုမျိုးတွေ ထပ်လုပ်ရဦးမှာ ဖြစ်ပြီး ၊ ဒါဟာ ခင်ဗျားရဲ့ ကံကြမ္မာကို ထိုးအပ်နေသလိုပါပဲ ။ ”

” တနှစ်လောက် အရင် သက်တမ်းတိုး ၊ ပြီးမှ ၆လအကြာမှာ ပြောင်းရွှေ့ကြေး တရပ်ရပ်နဲ့ ပြန်ရောင်းတာကမှ အများကြီး တော်ပါသေးတယ် ။ ကလပ်ဖက်က ဒီကစားသမား ၂ဦးရဲ့ တောင်းဆိုမှုကို ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ၊ ကျွန်တော် ကတော့ ဒါဟာ ဘဏ္ဍာရေး ရှုထောင့်အရ ဆိုးရွားတဲ့ အခြေအနေ တရပ် ဖြစ်တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR