ချဲလ်ဆီးကို စကိုင်တွယ်ခဲ့တဲ့ အဖွင့် ၂ပွဲ အပြီး ပက်ဂွာဒီယိုလာဆီမှ ရခဲ့တဲ့ မက်ဆေ့ချ် အကြောင်း ပြန်ပြောင်းဖွင့်ဟလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံခဲရကာ ၊ အဓိက ကစားသမား တဦး ဖြစ်တဲ့ အီဒင် ဟာဇတ်ကိုလည်း ထွက်ခွာခွင့် ပေးခဲ့ရတာကြောင့် ၊ ၎င်းတို့ရဲ့ နည်းပြ ရာထူးကို ထိုစဉ်က စိတ်ဝင်စားခဲ့တဲ့ နည်းပြ အမြောက်အမြား မရှိခဲ့ပါဘူး ။

အကယ်ဒမီထွက် လူငယ် ကြယ်ပွင့် ကစားသမားတွေကို နေရာပေးဖို့ လိုတာနဲ့ လူအင်အား မတောင့်တင်းချိန် ၊ အသင်းကို အတိုင်းအတာ တခု အထိ ထိန်းချုပ်ပေးဖို့ နည်းပြ တဦး လိုအပ်ခဲ့တာ က ကလပ် ဂန္တဝင် တဦး ဖြစ်တဲ့ ဖရန့် လမ်းပတ် ကို ထိုနှစ် ဘောလုံး ရာသီမှာ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာစေခဲ့ပါတယ် ။

လမ်းပတ် ဟာ ချဲလ်ဆီး အသင်းကို ၁၈လသာ ကိုင်တွယ်ခွင့် ရခဲ့ပေမယ့် ၊ ထိုကာလ အတွင်း အလားအလာကောင်းတဲ့ အကယ်ဒမီထွက် လူငယ် ကြယ်ပွင့် အမြောက်အမြားကို စင်တင်ပေးနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် နည်းပြ အရည်အချင်းနဲ့ အတွေ့အကြုံပိုင်းမှာ လုံလောက်မှု မရှိခဲ့တာကြောင့် ၎င်းဟာ ချဲလ်ဆီးကို သင့်တင့်လျောက်ပတ်တဲ့ အောင်မြင်မှုမျိုး ဆွတ်ခူးစေခဲ့ခြင်း မရှိပါဘူး ။

ချဲလ်ဆီး နည်းပြ ဘဝ အစ ကိုင်တွယ်ခဲ့တဲ့ အဖွင့် ၃ပွဲ ဟာ လမ်းပတ် အတွက် အထူး ခက်ခဲမှု ရှိခဲ့ပြီး ၊ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ၄ – ၀ နဲ့ ရှုံးနိမ့်ခဲ့ကာ ၊ လက်စတာကို အိမ်ကွင်း အဖွင့်ပွဲမှာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ၊ ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာ လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပါတယ် ။

ထိုစဉ် က ချဲလ်ဆီး အသင်း ဟာ ကစားကွက်နဲ့ စိတ်ဓာတ်ပိုင်း အားဖြင့် အပေါင်း လက္ခဏာ ဆောင်ခဲ့ပေမယ့် ၊ ခံစစ် ကျစ်လျစ်မှု ကင်းမဲ့ခဲ့ကြောင်း နိုင်ပွဲတွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ် ။ ဂယ်ရီနဗီးလ်နဲ့ တွေ့ဆုံခဲ့တဲ့ The Overlap အစီအစဉ်မှာ လမ်းပတ် က ချဲလ်ဆီး နည်းပြ ဘဝ အစ ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရစဉ် ၊ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာထံမှ ရခဲ့တဲ့ မက်ဆေ့ချ် တခု အကြောင်း အခုလိုပဲ ပြန်ပြောင်း ပြောပြခဲ့ပါတယ် ။

အရင်ဆုံး လမ်းပတ် က အတူ လက်တွဲခွင့် မရခဲ့တဲ့ နည်းပြတွေ အနက် ဘယ်သူနဲ့ လက်တွဲချင်ခဲ့သလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ” ပက် ဖြစ်ပါတယ် ။ မန်နေဂျာ အရည်အချင်းနဲ့ ပတ်သက်လာရင် သူဟာ အရမ်းတော်ပါတယ် ။ ဘာလို့လဲ ဆိုတော့ တခါတလေမှသာ ကျွန်တော်တို့ဟာ သူ ကိုင်တွယ်တဲ့ အသင်းတွေကနေ တကယ့် အရာတွေ မြင်တွေ့နိုင်လို့ပါပဲ ။ ”

” ဒါပေမယ့် နောက်ကွယ်မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် နည်းပြတွေနဲ့ ဘယ်လို ဆက်ဆံတတ်လဲ ဆိုတာ နည်းပြ ဖြစ်လာမှ သိရတာပါ ။ ချဲလ်ဆီးကို စကိုင်တွယ်တုန်းက သူ ကျွန်တော့ကို အသံ မက်ဆေ့ချ် ပို့ခဲ့တာလေး တခု ရှိပါတာ် ။ ကျွန်တော် ဟာ အပြင် အင်တာဗျူး အစီအစဉ်တွေမှာ ဒီလို အတွင်းရေး ကိစ္စတွေ အကြောင်း သိပ်ပြီး ပြောလေ့မရှိပါဘူး ။ ဒါပေမယ့် ဒီတခုကတော့ ကောင်းလို့ ၊ ကျွန်တော် ထုတ်ပြောပါမယ် ။ ”

” ချဲလ်ဆီးကို စတင် ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ၄ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။ အဲဒီပွဲမှာ ကျွန်တော်တို့ မိနစ် ၆၀လောက် ကစားပုံ ကောင်းခဲ့ပေမယ့် ၊ အခိုက်အတန့် အချို့မှာ တန်ပြန်တိုက်စစ်တွေကနေ လျှပ်တပြက် ဂိုးတွေ ပေးခဲ့ရလို့ ရှုံးခဲ့ပါတယ် ။ ”

” ၄ဂိုးပြတ် ရှုံးခဲ့တာကို မန်နေဂျာ တယောက် ဖြစ်တဲ့ ကျွန်တော့ အနေနဲ့ ဘာမှ စောဒက တက်လို့ မရပါဘူး ။ ဒါကြောင့် အရှုံးကို လက်ခံခဲ့ပါတယ် ။ အဲဒီနောက် လီဗာပူးနဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ ။ အဲဒီပွဲမှာလည်း ကျွန်တော်တို့ ထပ်ပြီး အရေးနိမ့်ခဲ့ပါတယ် ။ ကစားပုံ ကောင်းခဲ့ပေမယ့် ၊ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးခဲ့တာပေါ့ ။ ”

” ဒီတော့ လန်ဒန်အပြန် လေယာဉ်မှာ ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ ဖြစ်နေခဲ့တာပေါ့ ။ အဲဒီအချိန်မှာ ပက် ဆီကနေ ကျွန်တော် အသံ မက်ဆေ့ချ် ရခဲ့ပါတယ် ။ သူက ကျွန်တော့ အသင်းရဲ့ ကစားပုံ က အရမ်း အံ့သြဖို့ ကောင်းခဲ့တဲ့ အကြောင်း ၊ သူကိုယ်တိုင်လည်း ကြည့်ရတာ သဘောကျ နှစ်သက်ခဲ့တဲ့ အကြောင်း စတာတွေ ပြောခဲ့ပါတယ် ။ ”

” ဒါဟာ တကယ်လည်း အပေါင်း လက္ခဏာ ဆောင်တဲ့ voice chat တခု ဖြစ်ခဲ့ပါတယ် ။ အဲဒီ voice chat က အလိုအလျောက် ပြန်ဖျက်တဲ့ စနစ်ကြောင့် ပျက်သွားခဲ့ပါတယ် ။ ဒါကို အိမ်ပြန်ရောက်တဲ့အခါ အိမ်သား အားလုံး ကို ‘ ဒီမှာ နားထောင်ကြည့်စမ်း ၊ ပက် က ငါ့ကို မန်နေဂျာကောင်း တယောက်လို့ ချီးကျူးထားတယ် ‘ ဆိုပြီး ဝမ်းသာအားရစွာနဲ့ ကျွန်တော် ပြောချင်ခဲ့တာပါ ။

 

” ကိုယ်နဲ့ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်ရမယ့် ပြိုင်ဖက် မန်နေဂျာ တယောက်ဆီက ဒီလို ချီးကျူး အားပေး စကားသံ ကြားရတာ နွေးထွေးမှု ရှိတယ်လို့ ကျွန်တော် ထင်ပါတယ် ။ တခါတလေမှာ ခင်ဗျား ဟာ ဒီလို ချီးကျူးသံတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ အတွေးကမ္ဘာမှာ ပျော်နေတာကြောင့် ဘာကိုမှ မမြင်သလိုတောင် ဖြစ်သွားတတ်ပါတယ် ။ ”

” ကိုယ့်အလုပ် ကိုယ်အာရုံစိုက်နေတဲ့ ပက် လို မန်နေဂျာ တယောက် က ကျွန်တော့ဆီကို ဒီလို အချိန်ပေးပြီး ၊ အားပေးစကား ပြောခဲ့တာ ဟာ တကယ် စပါယ်ရှယ်ပါပဲ ။ မန်နေဂျာ အများစု ဟာလည်း ဒီလိုပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR