လီဗာပူး ပရိတ်သတ်တွေ ဆာဒီယိုမာနေးကို နှစ်သက်ရတဲ့ အကြောင်းရင်းကို ထောက်ပြလိုက်တဲ့ ဟက်စကီး

အမ်မလီဟက်စကီးက ဆာဒီယိုမာနေးဟာ သူ့ရဲ့ အရမ်းကို ကောင်းလှတဲ့ လုပ်အားနှုန်းကြောင့် လီဗာပူး ပရိတ်သတ်တွေကြားမှာ တကယ့်ကို ရေပန်းစားတဲ့သူ ဖြစ်နေတယ်လို့ ယုံကြည်နေပါတယ်။ ဆီနီဂေါ တိုက်စစ် ကစားသမားဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဆောက်သမ်တန်မှ လီဗာပူးကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ယာဂန်ကလော့ရဲ့ လက်အောက် the Reds တို့ အောင်မြင်မှုတွေ ရခဲ့ရာမှာ အဓိက နေရာကနေ ပါဝင်ပေးခဲ့ပါတယ်။

မာနေးဟာ မိုဆာလား ရော်ဘတ်တိုဖာမီနို တို့နဲ့ အတူ ဥရောပရဲ့ အကောင်းဆုံး front three တွေထဲက တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ကလပ်ကို ချန်ပီယံလိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်ဖလား ရအောင် ကူညီပေးခဲ့ပါတယ်။ မာနေးဟာ ဒီရာသီ လီဗာပူး အတွက် သွင်းဂိုး ၉ ဂိုး ရယူပေးကာ ခြေစွမ်းပြလျက် ရှိနေပေမယ့် သတင်းမီဒီယာတွေ နဲ့ pundit တွေ ကြားထဲမှာတော့ ဒီရာသီ ပြိုင်ပွဲစုံ ၁၇ ဂိုးထိ သွင်းယူထားခဲ့တဲ့ မိုဆာလားလောက် နေရာယူထားနိုင်ခြင်း မရှိ ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း လီဗာပူး တိုက်စစ်မှုးဟောင်း ဖြစ်သူ ဟက်စကီးက မာနေးဟာ သူ့ရဲ့ ကိုယ်ပိုင် အရည်အသွေးနဲ့ အသင်းကို များစွာ အကျိုးပြုနေတယ်လို့ ဆိုလိုက်ပြီး ဘောလုံး မရှိချိန် ၎င်းရဲ့ ပြင်းထန်တဲ့ လုပ်အားနှုန်းကို လီဗာပူး ပရိတ်သတ်တွေက တန်ဖိုးထားကြတယ်လို့ ပြောသွားပါတယ်။

ဟက်စကီးက “အသင်းတစ်သင်းမှာ မိုဆာလားလို ဂိုးတွေ များစွာ သွင်းယူပေးနေတဲ့ ကစားသမား တစ်ဦး ရှိနေတယ် ဆိုရင် လူတွေ အားလုံးဟာ သူ့ရဲ့ အကြောင်းကိုပဲ ပြောကြမှာပါ။ ဒါပေမယ့်လည်း မာနေး ကလည်း လီဗာပူး အတွက် ဂိုးတွေ များစွာ သွင်းယူထားတဲ့ ကစားသမား တစ်ဦး ပါပဲ။ ရယ်စရာကောင်းတာ ကတော့ ကျွန်တော်တို့ဟာ ဒီနေရာမှာ တိုက်စစ်မှုး စစ်စစ်တွေ အကြောင်း ပြောနေတာ မဟုတ်ဘဲ တောင်ပံတိုက်စစ် ကစားသမားတွေ အကြောင်းကို ပြောနေတာပါ။ သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။ သူတို့မှာ အရည်အသွေး အားလုံး ရှိနေပါတယ်။

မာနေးရဲ့ လုပ်အားနှုန်း ကတော့ တကယ့်ကို ကောင်းလွန်းလှပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူး ပရိတ်သတ်တွေဟာ သူ့ကို ချစ်ခင်နေတာပါ။ သူဟာ ဘယ်တော့မှ အရှုံးပေးတဲ့သူ မဟုတ်ပါဘူး။ သူဟာ အမြဲတမ်း တိုက်ပွဲဝင် ကစားကာ ၊ ဘောလုံးနောက်ကို အသဲအသန် လိုက်ပြီး ဖျက်ထုတ်မှုတွေ လုပ်သူပါ။ အဲဒီနောက် တိုက်စစ်ပိုင်းကို ပြန်ပြေးကာ ဂိုးသွင်းဖို့ ကြိုးစားပါတယ်။ သူဟာ အသင်းအတွက် ပေးဆပ်ဖို့ အမြဲ အသင့် ဖြစ်နေသူ ဖြစ်ပြီး နာကျင်မှာကို လုံး၀ မကြောက်ရွံ့ပါဘူး။ ဒါ့ကြောင့်လည်း ပရိတ်သတ်တွေဟာ သူ့ကို ချစ်ကြတာပါ။

ဘောလုံးမှာ လုပ်သမျှ ဖြစ်မလာတဲ့ အချိန်တွေ ဆိုတာ ရှိတက်ပါတယ်။ ကိုယ်ဘာပဲ လုပ်လုပ် အလုပ် မဖြစ်တာမျိုးပါ။ ဒါပေမယ့် ကိုယ့်ဘက်က အပြင်းအထန် ကြိုးစားဖို့ အတွက် ဆန္ဒ ရှိနေမယ်ဆိုရင် အသင်း အတွက် ပေးဆပ်ကစားဖို့ အသင့် ဖြစ်နေတယ် ဆိုရင် ပရိတ်သတ်တွေဟာ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကိုယ့်ကို အမြဲ ထောက်ခံနေမှာပါ။” လို့ ဆိုသွားပါတယ်။

လီဗာပူးနဲ့ စာချုပ်သက်တမ်း ၂ နှစ်လောက်သာ ကျန်တော့တဲ့ မာနေးဟာ လာမည့် စနေနေ့ အသင်းဟောင်း ဆောက်သမ်တန်နဲ့ ကစားရမယ့် ပွဲစဉ်မှာ ဒီရာသီ ၎င်းရဲ့ သွင်းဂိုး အရည်အတွက်ကို ထပ်မံ ပေါင်းထည့်နိုင်ရန် ပစ်မှတ်ထားနေမှာ ဖြစ်ပါတယ်။

SM