လက်ရှိ ချဲလ်ဆီး အသင်းမှာ တူချယ် ကြုံတွေ့နေရတဲ့ တခုတည်းသော ပြဿနာကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ မက်မန်နာမန်

ချဲလ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ အမြင့် ပျံသန်းလျက် ရှိနေပြီး ၊ ပြိုင်ပွဲစုံ စစ်မျက်နှာဖွင့်နေသလို ၊ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူ ၊ ချန်ပီယံလိဂ် အုပ်စု H ရဲ့ ဦးဆောင်သူ အဖြစ် ရပ်တည်လျက် ရှိပါတယ် ။ ဒါဟာ ပြီးခဲ့တဲ့ ၁၀စုနှစ် တခုထက် ပိုမို မြင့်မားတဲ့ စွမ်းဆောင်ရည်လို့ ပြောရမှာ ဖြစ်ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု H ရဲ့ ဗိုလ်နေရာလုပွဲလို့ သတ်မှတ်ရမယ့် စတမ်းဖို့ဒ်ဘရစ်ချ် က ယူဗင်တပ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာ အိမ်ရှင် ချဲလ်ဆီးတို့ အမှားအယွင်း မရှိ သက်တောင့်သက်သာ ကစားခဲ့ကာ ၊ ၄ – ၀ ဂိုးပြတ် နိုင်ပွဲ တပွဲ ဖော်ဆောင်ပြီး ၊ ၁၆ သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ် ။

ိထိုပွဲမှာ ချဲလ်ဆီး ဟာ အဓိက တိုက်စစ်မှူး တဦးမှ မပါပဲ ၊ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ကို အထောင် တိုက်စစ်မှာ ထားကစားခဲ့တာတောင် ၊ လိုအပ်တဲ့ ဂိုးတွေကို စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ စီနီယာ ကစားသမား အချို့ ဖြစ်တဲ့ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ဆီဆာ အက်ဇ်ပီလီကွီတာတို့ပင် အရန်ခုံ ထိုင်နေခဲ့ရပါတယ် ။

ဒီရာသီ ကစားထားတဲ့ ပွဲတိုင်းလိုလိုမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ လိုသလို ၊ ပွဲထွက်စာရင်း ကို အနည်းနဲ့ အများ အပြောင်းအလဲလုပ် ချဉ်းကပ်ခဲ့သည့်တိုင် ၊ အသင်းသား တချို့တဝက် ကတော့ ပွဲကစားခွင့် လုံလုံလောက်လောက် မရခြင်း အတွက် အပြည့်အဝ ပျော်ရွှင်ကြမယ့်ပုံ မပေါ်ပါဘူး ။

အခြား နည်းစနစ် ပြဿနာ ထူးထူးခြားခြား မရှိပေမယ့် ၊ ချဲလ်ဆီး ကစားသမား အားလုံး ကို ပျော်ရွှင်အောင် ထားနိုင်ဖို့ က သောမတ်စ် တူချယ် အတွက် ယခုနှစ် ရာသီ စကတည်းက ကြုံနေရတဲ့ တခုတည်းသော ပြဿနာ ဆိုတာ ငြင်းမရပါဘူး ။

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း စတိဗ် မက်မန်နာမန် က ချဲလ်ဆီး အသင်း ဟာ လက်ရှိမှာ ဘယ်လောက်ပဲ ကောင်းနေပါစေ ၊ တူချယ် ဟာ ကစားသမားတိုင်းကို ပျော်ရွှင်အောင် ထားနိုင်ဖို့ မလွယ်တဲ့ အကြောင်းကို BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ ရှင်းလင်း ပြောဆိုခဲ့ပါတယ် ။

မက်မန်နာမန် က ” သူတို့ဟာ အသင်းသားတိုင်းကို ဘယ်လိုများ ပျော်အောင် ထားနိုင်ပါ့မလဲ ဆိုတာကို ကျွန်တော် တွေးမိပါတယ် ။ အရန်ခုံ ထိုင်နေရတဲ့ ကစားသမားတွေကို ကြည့်လိုက်တဲ့အခါ ၊ ၉ယောက်လောက်က သက်ဆိုင်ရာ နိုင်ငံ အသင်းတွေမှာ လက်ရွေးစင် အဆင့်တွေ ဖြစ်ကြပါတယ် ။ ”

” သူတို့တွေဟာ ဒီရာသီ ကုန်တဲ့အထိ ၊ အရန်ခုံမှာပဲ အချိန်ကုန်ရမယ် ဆိုရင်တော့ ပျော်ရွှင်ကြမှာ မဟုတ်ပါဘူး ။ ဒီတော့ သောမတ်စ် တူချယ် ဟာ ဒီ ကစားသမား အစုအဖွဲ့ကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ဖို့ ၊ တရာသီ ကစားခွင့် ပွဲ ၂၀ လောက် ပေးနိုင်ဖို့ လုပ်ရပါမယ် ။ ဒါဟာ လက်ရှိ ချဲလ်ဆီးမှာ ကြုံနေရတဲ့ ခက်ခဲတဲ့ အစိတ်အပိုင်း တခုပါ ။ ”

” နိုင်ငံ လက်ရွေးစင် အဆင့် ကစားသမား အယောက် ၂၀လောက်ကို တရာသီလုံး ပျော်ရွှင်အောင် ထားနိုင်ဖို့ ၊ အသင်း တသင်း အနေနဲ့ ပျော်ရွှင်စေဖို့ လုပ်ရမှာ က တူချယ် အတွက် ခက်ခဲတဲ့ ပြဿနာ တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR