ပေါ်တို ကို အနိုင်ကစားပြီးနောက် လီဗာပူး တို့ တင်ရှိသွားတဲ့ စံချိန် မှတ်တမ်းများ

နိုင်ငံတကာ ပွဲစဉ်တွေပြီး ကတည်းက လီဗာပူး ဟာ အိမ်ကွင်း ပွဲစဉ်တွေ ဆက်တိုက် ကစားရင်း ရလာဒ်ကောင်းတွေ ရယူလျှက် ရှိနေပါတယ်။ ပရီးမီးယားလိဂ် မှာ အာဆင်နယ် အသင်းကို 4 ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ၊ မနေ့ညက ကစားခဲ့တဲ့ ပေါ်တို နဲ့ ပွဲမှာ ဆိုရင်လဲ အမှတ် မလိုတော့သည့်တိုင်အောင် 2-0 ရလာဒ် နဲ့ အနိုင် ကစားပြသွားခဲ့ ပါတယ်။

လီဗာပူး အတွက် အဖွင့်ဂိုး ကို ကွင်းလယ် ကစားသမား တီယာဂို အယ်ကန်တရာ က အဝေးကန်ချက် နဲ့ ဂိုးသမား ရဲ့ ဘယ်ဘက် အောက်ထောင့်ထဲကို လှလှပပ နဲ့ သွင်းယူ ပြခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုး ဟာ ဒီတပတ် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေထဲမှာ အဝေးဆုံး အကွာအဝေး ကနေ သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပြီး ၊ UEFA ရဲ့ ထုတ်ပြန်ချက်တွေ အရ 29 မီတာ အကွာကနေ ကန်သွင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်လဲ ဒီပတ် ရဲ့ UCL Goal of the Week ဆန်ကာတင် စာရင်းမှာ ပါဝင်လျှက် ရှိနေပါတယ်။

ပွဲသိမ်း ဂိုးကိုတော့ အသင်းရဲ့ ဂိုးသွင်းစက်ကြီး မို ဆာလာ က သူ့ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှု နဲ့ ရယူပေးသွားခဲ့တာပါ။ အခုဆိုရင် ဆာလာ ဟာ ဒီရာသီမှာ စုစုပေါင်း 17 ပွဲ ကစားပြီး 17 ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 12 ပွဲ ကစား ၊ 11 ဂိုး သွင်းယူကာ ၊ ဂိုးဖန်တီးမှု 6 ကြိမ် အထိ စွမ်းဆောင်ပြထားပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ 5 ပွဲ ကစားကာ 6 ဂိုး အထိ သွင်းယူပြနိုင်ခဲ့ပါတယ်။

အုပ်စု ပွဲစဉ် 5 ပွဲ ကစားပြီးချိန်မှာ လီဗာပူး ဟာ 5 ပွဲ စလုံး အနိုင်ယူကာ စုစုပေါင်း 15 မှတ် အထိ သိမ်းပိုက်ထားပါတယ်။ ဒီလို စွမ်းဆောင်ရည်မျိုး က ကလပ်သမိုင်းကြောင်း တလျှောက် ကလော့ပ် လက်ထက်ရောက်မှ ပထမဆုံး အကြိမ် စွမ်းဆောင်ပြနိုင်တာ ဖြစ်ပါတယ်။

လီဗာပူး ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ အမြင့်ဆုံး ရမှတ် ရယူထားနိုင်ခဲ့တာ က 2008-2009 ဘောလုံးရာသီ ဖြစ်ပြီး ၊ စုစုပေါင်း 14 မှတ် နဲ့ စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် လက်ရှိမှာတော့ လက်ကျန် ပွဲစဉ် 1 ပွဲ ကစားဖို့ ကျန်နေသေးသည့်တိုင်အောင် စုစုပေါင်း 15 မှတ် အထိ သိမ်းပိုက် ထားနိုင်ခဲ့ပါပြီ။

အကယ်လို့သာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အေစီ မီလန် အသင်းကို ထပ်ပြီး အနိုင်ယူပြမယ် ဆိုပါက ချန်ပီယံလိဂ် သမိုင်းကြောင်း တလျှောက် အုပ်စုပွဲစဉ်တွေ အကုန်လုံးကို အနိုင်ယူပြတဲ့ ပထမဆုံး အင်္ဂလန် ဘောလုံး ကလပ် အဖြစ် မှတ်တမ်းသစ် ရေးထိုးမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် သမိုင်းမှာ အုပ်စု ပွဲစဉ် အားလုံးကို အနိုင်ယူပြထားတဲ့ အသင်းပေါင်း 7 သင်း အထိ ပေါ်ထွက်ခဲ့ဖူးပါတယ်။ လက်ရှိ ဘောလုံး ရာသီမှာလဲ 5 ပွဲ ကစားပြီးတဲ့ အထိ 100% အနိုင်ရလာဒ် ကို ထိန်းထားနိုင်တဲ့ အသင်း 3 သင်း ရှိနေပြီး ၊ အဲဒီ အသင်းတွေက ဘိုင်ယန် ၊ အေဂျက် နဲ့ လီဗာပူး တို့ ဖြစ်ပါတယ်။

ပေါ်တို ဟာ လီဗာပူး အတွက်တော့ စိတ်ကြိုက် ပြိုင်ဘက် အသင်းလို့တောင် ခေါင်းစဉ် တပ်ရမလို ဖြစ်နေပါပြီ။ သူတို့ နှစ်သင်းဟာ ဥရောပ ဘောလုံးပြိုင်ပွဲတွေမှာ စုစုပေါင်း 10 ကြိမ် အထိ တွေ့ဆုံထားပြီး လီဗာပူး က 7 ကြိမ် အနိုင်ရကာ ၊ ပေါ်တို က တစ်ပွဲမှ အနိုင်ရဖူးခြင်း မရှိသေးပါဘူး။

ဒါ့အပြင် နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ 4 ပွဲမှာ လီဗာပူး ကပဲ 4 ပွဲ စလုံး အနိုင်ရရှိထားသလို ၊ နောက်ဆုံး 6 ပွဲ မှာ ဆိုရင် 5 ပွဲ နိုင် 1 ပွဲ သရေ ရလာဒ် ထွက်ပေါ်ထားပါတယ်။

လီဗာပူး က ပေါ်တို ဂိုးပေါက်ကို 18 ကြိမ် အထိ သွင်းယူထားပြီး ၊ 2 ဂိုး သာ ပြန်ပေးခဲ့ရပါတယ်။

SPORTS MYANMAR