ဆရာဖြစ်သူ အာဆင်း ကို အာဆင်နယ် အသင်းထံ ပြန်လာစေချင်ကြောင်း အားတက်သရော ပြောကြားလိုက်ပြန်တဲ့ အာတီတာ

အာဆင်နယ် အသင်း ရဲ့ နည်းပြ မီခေးလ် အာတီတာ ဟာ သူ့ရဲ့ ဆရာဖြစ်သူ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်၀င်းဂါး ကို အသင်းထံ ပြန်လာစေချင်ကြောင်း နယူးကာဆယ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထပ်မံ ပြောကြား လိုက်ပါတယ် ။

ပြင်သစ် လူမျိုး နည်းပြ အာဆင်၀င်းဂါး ဟာ အာဆင်နယ် အသင်းကို ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ နှစ်ပေါင်း ၂၂ နှစ်ကြာ နည်းပြ ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၇ ကြိမ် အထိ ရယူ နိုင်ခဲ့ပါတယ် ။


အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ အာဆင်ဗင်းဂါး ဟာ လက်ရှိ အချိန်မှာ ဖီဖာရဲ့ ကမ္ဘာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ် ။ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဗင်းဂါး ဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ် အသင်းကနေ ထွက်ခွာ ပြီးကတည်းက တရားဝင် ပြိုင်ပွဲတွေမှာ ဘယ်အသင်းကိုမှ ကိုင်တွယ် နည်းပြခြင်း မရှိတော့ပါဘူး ။

အာဆင်နယ် အသင်းရဲ့လက်ရှိ နည်းပြ အာတီတာ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် က Arsene Wenger : Invincible ရုပ်ရှင် သွားကြည့်ရင်း သတင်းထောက်တွေနဲ့ အတွေ့မှာ ဆရာဖြစ်သူကို အသင်းထံ ပြန်လာစေချင်ကြောင်း ပြောကြား ခဲ့ဖူးပါတယ် ။

ဒီတစ်ပတ် နယူးကာဆယ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း အာဆင်နယ် နည်းပြ အာတီတာ က အာဆင်းသာ အသင်းမှာ ရှိနေရင် အများကြီး အထောက်အကူ ရမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” သူ(အာဆင်း) နဲ့ အဆက်အသွယ် ရှိခဲ့ပါတယ် ၊ ကျွန်တော် Invincible ရုပ်ရှင် သွားကြည့်တော့ အာဆင်း နဲ့ ဆုံခွင့် ရပြီး စကားပြောခွင့် ရခဲ့ပါတယ် ။ သူ့ကို တွေ့မြင်ရပြီး စကားပြောခွင့်ရတာက မယုံနိုင်လောက်အောင် စိတ်ချမ်းသာမှု ရပါတယ် ။ ”

” ကျွန်တော်တို့ သူ့ကို အသင်းနဲ့ နီးစပ်တဲ့ နေရာတစ်ခုမှာ ထားထားနိုင်ဖို့ မျှော်လင့်ပါတယ် ၊ သူသာ အသင်း ပတ်ဝန်းကျင်မှာ ရှိနေပြီး သူဖန်တီး ခဲ့တဲ့ အရာတွေကို မြင်နေရရင် သူ့အတွက် ကောင်းမွန်တဲ့ အချိန်တွေ ဖြစ်မှာပါ ၊ သူ လုပ်ပြခဲ့တဲ့ အရာတွေ ကိုယ်စားပြုခဲ့တာတွေအတွက် အသင်းက လူတွေအားလုံးကလည်း သူ့အပေါ် လေးစားမှု ယုံကြည်အားထားမှု ချစ်ခင်မှုရှိကြပါတယ် ။ ”

အာဆင်း တစ်ယောက် အာဆင်နယ် အသင်းမှာ ဘယ်ရာထူး ရယူလောက်သလဲ ဆိုတဲ့ မေးခွန်းကို အာတီတာ က ” အခု အချိန်မှာ ကျွန်တော် ခင်ဗျားတို့ကို မပြောနိုင်ပါဘူး ။ ဒါပေမယ့် သူ့ကို အသင်းနဲ့ နီးနီးကပ်ကပ် ရှိနေစေချင်တာက ကျွန်တော့်ရဲ့ ပြင်းပြတဲ့ ဆန္ဒပါ ။ ”

” သူသာ အသင်းမှာ ရှိနေရင် ကြီးမားတဲ့ အကူအညီ ဖြစ်စေမှာ အသေအချာပါပဲ ၊ ဒါပေမယ့် အချိန်ယူရမယ့် အရာလေးတွေတော့ ရှိတာပေါ့ဗျာ ၊ ကျွန်တော့်တို့ဘက်က ပြောရရင်တော့ သူသာ အသင်းနဲ့ နီးကပ်တဲ့ နေရာမှာ ရှိနေရင် ဝမ်းသာမိမှာ အမှန်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM