အာဆင်နယ် အသင်း ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ ကြယ်ပွင့်ကို ရောင်းချ သွားမှာ မဟုတ်ကြောင်း အကြောင်းပြန်လိုက်တဲ့ ရိုမေးနီးယား ကလပ်ပိုင်ရှင်

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် ရဲ့ ငွေသုံး အကြမ်းဆုံး ဖြစ်ခဲ့တဲ့ အသင်းပါ ။အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ကစားသမား ၆ ဦး အထိ ခေါ်ယူပြီး ပေါင် သန်း ၁၅၀ ကျော် သုံးခဲ့ပါတယ် ။

အာဆင်နယ် အသင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ အသက် ၂၃ နှစ် နဲ့ အောက်တွေ ဖြစ်ပြီး အသင်းရဲ့အနာဂတ် အတွက် လူငယ်တွေကို ခေါ်ယူကာ အသင်းကို အခြေခိုင်အောင် တည်ဆောက် နေတာ ဖြစ်ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ငွေကြေး သုံးစွဲမှုတွေကတော့ ရပ်တန့် သွားဖို့ မရှိသေးဘဲ လာမယ့် ဇန်နဝါရီမှာလည်း ကစားသမားသစ်တွေ ထပ်ခေါ်သွားဖို့ ရှိနေပါသေးတယ် ။

အာဆင်နယ် အသင်းဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လာကာဇက် နေရာ အစားထိုးဖို့ တိုက်စစ်မှူး တစ်ဦး ဈေးကွက်ထဲမှာ ရှာဖွေ နေပြီး ဗလာဟိုဗစ် ၊ အီဆက် တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ။

အခု နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းတွေအရ အာဆင်နယ် အသင်း ကင်းထောက်တွေဟာ တိုက်စစ် နေရာ အတွက် ရိုမေးနီးယား ကြယ်ပွင့် Ianis Stoica ကို စောင့်ကြည့် လေ့လာ နေတာ နှစ်လနီးပါး ရှိသွားခဲ့ပြီလို့ သိရပါတယ် ။

ရိုမေးနီးယား ထိပ်တန်း အသင်းကြီး FCSB မှာ ကစားနေတဲ့ Ianis Stoica ဟာ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးပြီး ဒီရာသီ ၁၄ ပွဲ ကစားရာမှာ ၆ ဂိုးသွင်း ၊ ၂ ဂိုး ဖန်တီး ပေးထားတာကြောင့် ဥရောပ အသင်းအတော်များများရဲ့စောင့်ကြည်မှုကို ခံနေရသူ ဖြစ်ပါတယ် ။

ရိုမေးနီးယား ကလပ်ပိုင်ရှင် ဘီကာလီ ကတော့ သူတို့ရဲ့ လူငယ် ကြယ်ပွင့်လေးကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်း အာဆင်နယ် အသင်းကို အကြောင်းပြန်လိုက်ပါတယ် ။

” အာဆင်နယ် အသင်းက lanis ကို စောင့်ကြည့်နေတယ်လို့ ကြားရတာ ကောင်းပါတယ် ၊ ဒါပေမယ့် သူ့ကို ရောင်းချဖို့ လုံးဝ အစီအစဉ် မရှိပါဘူး ၊ သူ နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် အသင်းမှာ ဆက်ရှိ နေနိုင်ပါသေးတယ် ။ ”

” သူက နည်းစနစ်ပိုင်း ကြွယ်ဝ သလို ၊ ခန္ဓာကိုယ်လည်း တောင့်တင်း ခိုင်မာပါတယ် ၊ ပါးနပ်မှုလည်း ရှိပါတယ် ။ သူ့ကို ကြည့်လိုက်ရင် အသက် ၂၃ နှစ် အရွယ်လို့ ထင်ရပေမယ့် တကယ်တမ်းက ၁၈ နှစ်ပဲ ရှိပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM