လီဗာပူးမှာ အောင်မြင်မှုမရခဲ့တဲ့ အကြောင်းရင်းတစ်ခုကို ထုတ်ဖော်သွားခဲ့တဲ့ ရိုင်ယန်ဘာဘယ်

လီဗာပူး တိုက်စစ်မှုးဟောင်း ရိုင်ယန်ဘာဘယ်က သူဟာ မန်နေဂျာ ရာဖေးဘင်နီတက်ဇ် နဲ့ ထူးဆန်းလှတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တယ်လို့ ဆိုလိုက်ပြီး နည်းပြရဲ့ အကြံပေး လမ်းညွှန်မှု ကင်းမဲ့ခဲ့ခြင်းဟာ သူ အန်ဖီးမှာ အလုပ် မဖြစ်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်တယ်လို့ ဝန်ခံ သွားခဲ့ပါတယ်။

ဘာဘယ်ဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က အိုင်ယက်မှ လီဗာပူးကို ပေါင် ၁၁.၅ သန်းနဲ့ ပြောင်းလာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လီဗာပူး ကစားသမား ဘ၀ ကာလအများစုကို the Reds မန်နေဂျာဟောင်း ဘင်နီတက်ဇ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ရပါတယ်။ နယ်သာလန် ကစားသမားဟာ ၂၀၁၁ ခုနှစ်မှာ ဂျာမန်ကလပ် ဟော့ဖန်ဟိုင်း အသင်းကို ပြောင်းရွေ့သွားခဲ့ပြီး အဒီနောက်ပိုင်း ဥရောပ ကလပ်များစွာမှာ ကျင်လည်ခဲ့ကာ ၂၀၁၉ ခုနှစ်က ဖူဟမ်နဲ့ အတူ ပရီးမီးယားလိဂ်မှာ ခတ္တ ကစားခဲ့ပါသေးတယ်။

ဘာဘယ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဝေခဲ့တဲ့ ၎င်းရဲ့ autobiography မှာ လီဗာပူးမှာ အောင်မြင်မှု မရခဲ့တဲ့ အကြောင်း အပါအဝင် သူ့ရဲ့ ကစားသမား ဘ၀ အကြောင်းကို ဖွင့်ဟ ခဲ့ပါတယ်။

ဘာဘယ်က “ကျွန်တော့်ရဲ့ အမြင်အရ ကတော့ ဘင်နီတက်ဇ် နဲ့ ကျွန်တော့်ကြားမှာ ထူးဆန်းတဲ့ ဆက်ဆံရေး ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ ကျွန်တော့်ကို ခေါ်ယူခဲ့တဲ့ အချိန်တုန်းက သူ့ကို ကြည့်ပြီး ကျွန်တော့်ကို အခွင့်အရေးပေးကာ အောင်မြင်မှု ရအောင် ကူညီပေးမယ့် အန်ကယ်ကြီး တစ်ယောက်လို မြင်ခဲ့မိလို့ပါ။

ဒါပေမယ့်လည်း သူဟာ ကျွန်တော့်လို လူငယ် ကစားသမား တစ်ဦးကို လုံး၀ ဒီအတိုင်းပဲ လွှတ်ထားခဲ့ပါတယ်။ ပြသနာတွေကို ဘယ်လို ဖြေရှင်းသွားရမလဲ ဒါမှမဟုတ် ကျွန်တော် တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတွေကို ဘယ်လို တိုးတက်အောင် လုပ်သွားရမလဲ ဆိုတာ ပြောပြရမယ့် အစား သူဟာ ကျွန်တော့်ရဲ့ လုပ်ပုံကိုင်ပုံတွေ မမှန်တဲ့ အပေါ် အကဲဖြတ်တာတွေပဲ လုပ်ပါတယ်။

ကျွန်တော်ဟာ အဲဒီတုန်းက အရမ်း ငယ်ပါသေးတယ်။ ကျွန်တော့် အတွက် လမ်းညွှန်ပြသမှု လိုအပ်ပါတယ်။ လီဗာပူးဟာ အောင်မြင်တဲ့ ကစားသမား ဘဝကို မပိုင်ဆိုင်ခဲ့တဲ့ အတွက် ကျွန်တော် နည်းပြကို အပြစ်မတင်ချင်ပါဘူး။ ဒါပေမယ့် နည်းပြရဲ့ လမ်းညွှန်မှု နဲ့ ထောက်ပံ့မှုတွေသာ ရခဲ့မယ် ဆိုရင် အောင်မြင်မှုနဲ့ ပိုမို နီးစပ်လိမ့်မယ်လို့ ကျွန်တော် ခံစားမိခဲ့ပါတယ်။

ကျွန်တော် ကတော့ သူဟာ လူငယ် ကစားသမား တစ်ဦး အပေါ် လုံလောက်တဲ့ အားစိုက်ပေးမှု မလုပ်ခဲ့ဘူးလို့ ခံစားမိခဲ့ပါတယ်။ ယနေ့ခေတ်မှာ ယာဂန်ကလော့ နဲ့ နည်းပြတော်တော်များများဟာ လူငယ် ကစားသမားတွေ ဆီကနေ အကောင်းဆုံး အရည်အသွေးကို ထုတ်ယူနိုင်ဖို့ အတွက် အချိန်ယူကာ လုပ်လေ့ရှိပြီး ရာဖာ ကတော့ ဒါမျိုး မဟုတ်ခဲ့ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

ဘာဘယ်ဟာ လီဗာပူးမှာ ကစားခဲ့တဲ့ ၃ နှစ်ခွဲအတွင်း ပွဲပေါင်း ၁၅၀ ကစားခဲ့ကာ ၂၂ ဂိုး သွင်းယူခဲ့ပါတယ်။ လက်ရှိ အသက် ၃၄ နှစ် ရှိနေပြီ ဖြစ်တဲ့ ဘာဘယ်ဟာ တူရကီကလပ် ဂါလာတာစာရေးမှာ ကစားနေပြီး ဒီရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားထားခဲ့ပေမယ့် သွင်းဂိုးတော့ မရသေးပါဘူး။

SM