ဘန်ချေဝဲလ်နဲ့ ကန်တေတို့ရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ အကြောင်း အသိပေးခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ မှာ အရှေ့ ပွဲစဉ်တွေမှာ အုပ်စုကို တောက်လျှောက် ဦးဆောင်ခဲ့တဲ့ ယူဗင်တပ် အသင်း ကို အကယ်ဒမီထွက် ကြယ်ပွင့် ကစားသမားတွေရဲ့ အစွမ်းပြမှုနဲ့ အတူ ၄ – ၀ ရလဒ်နဲ့ ဂိုးပြတ်ခြေပြတ် အနိုင်ရခဲ့ကာ ၊ ၁၆ သင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒီ ရလဒ်ကြောင့် ချဲလ်ဆီး ဟာ အုပ်စု H ရဲ့ ဗိုလ်နေရာကို ဆုပ်ကိုင်လိုက်ကာ ၊ နောက်ဆုံး အုပ်စု လက်ကျန်ပွဲကို အနိုင် ကစားနိုင်ခဲ့ရင် ၊ ဗိုလ်အဖြစ်နဲ့ နောက်တဆင့် ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ် ။ ပထမ အကျော့တုန်းက တူရင်မြေမှာ ရှုံးခဲ့တဲ့ ယူဗင်တပ် အသင်း ဟာ ဒီတကြိမ် စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ခံစစ်ပိတ် ကစားပုံနဲ့ ပွဲမတိုးခဲ့ပါဘူး ။

ထိုပွဲမှာ ချဲလ်ဆီး အတွက် သွင်းဂိုးတွေကို အကယ်ဒမီထွက် ကြယ်ပွင့် ၃ဦး ဖြစ်တဲ့ နောက်ခံလူ ထရက်ဗာ ချာလိုဘာ ၊ ရိစ်ဂျိမ်းစ် ၊ တောင်ပံ တိုက်စစ် ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ လူစားဝင် ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ် ။

သက်တောင့်သက်သာနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ၊ ချဲလ်ဆီး ပရိသတ်တွေ အတွက် အပြည့်အဝ ပျော်ရွှင်ခဲ့ရတဲ့ ပွဲတော့ မဟုတ်ခဲ့ပါဘူး ။ အထူးသဖြင့် အားထားရတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ ဒုတိယပိုင်းမှာ ဒူးဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသလို ၊ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာလည်း အသေးစား ဒဏ်ရာ တခုကြောင့် ပထမပိုင်းပင် ပြီးအောင် မကစားခဲ့ရပါဘူး ။

 

ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ယင်း ကြယ်ပွင့် ၂ဦးရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” ချီလီ ဟာ ဒူးမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားခဲ့ရပါတယ် ။ ကံဆိုးစွာနဲ့ အန်ဂိုလိုလည်း ထိုနည်း၎င်းပါပဲ ။ သူကျတော့ ဒူးဆစ် နည်းနည်း လည်သွားသလို ဖြစ်ခဲ့တာပါ ။ ”

” မနက်ဖြန် နောက်ထပ် ဆေးစစ်မှုတွေ လုပ်ပြီးမှ ကျွန်တော် ဟာ သူတို့ ၂ယောက်ရဲ့ ဒဏ်ရာ အကြောင်း ပိုပြီး ပြောပြလို့ ရမှာပါ ။ ဒီ အရာ ၂ခု ဟာ ဒီညပွဲက ကျွန်တော်တို့ အတွက် စိတ်မကောင်းစရာတွေ ဖြစ်ခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ အန်ဂိုလို ဟာ ဒဏ်ရာကြောင့် လူစားလဲ မခံရမီ အံ့သြဖွယ် စွမ်းဆောင်ပြခဲ့လို့ပါ ။ ”

” ချီလီ ဟာလည်း ဒဏ်ရာ မရခင်တုန်းက ၊ ပွဲချိန် တလျှောက် ခြေစွမ်းပြနေခဲ့တာပါ ။ ဒီတော့ သူ့အနေနဲ့ ဒီ ဒဏ်ရာနဲ့ ပတ်သက်ပြီး စိတ်တင်းတင်းထားဖို့ အရေးကြီးပါတယ် ။ နောက်နေ့မှာ ထွက်လာမယ့် နောက်ထပ် ဆေးစစ်ချက်တွေ အတွက် အကောင်းဆုံးကို မျှော်လင့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က မနေ့ည က ပွဲမှ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးလည်း ” ဒါဟာ အရမ်း ကြီးမား တောင့်တင်းမှု ရှိတဲ့ ၊ အားရစရာကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ပါပဲ ။ ဒီနေ့ပွဲမှာ သွင်းဂိုး တဂိုး ရဖို့ အတွက် ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ ချဉ်းကပ်ရမယ် ဆိုတာ သိထားခဲ့ပါတယ် ။ ”

” တချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ အသင်းလိုက် ကစားပုံ ရစ်သမ် ၊ အရှိန် အပေါ်မှာလည်း တာဝန်ယူမှု အပြည့် ရှိခဲ့ပါတယ် ။ အချက်အလက်ကျကျ ကျွန်တော်တို့ဟာ ပွဲကို ထိန်းချုပ် ကစားသွားခဲ့တာ ဖြစ်ပါတယ် ။ ဘယ်အချိန်မှာ ပွဲအရှိန်ကို မြှင့်တင်မယ် ၊ ဘယ်အချိန်မှာ ပိုပြီး ထက်မြက်တဲ့ ကစားအားနဲ့ ထိုးဖောက်မယ် စသဖြင့်ပေါ့ ။ ”

” အသင်းသားတွေ အားလုံး ဒါကို အတူတကွ လုပ်ဆောင်နိုင်ခဲ့ကြပြီး ၊ ဒါဟာ ကြီးကျယ်တဲ့ အသင်းလိုက် စွမ်းဆောင်ရည် တရပ်လည်း ဖြစ်ခဲ့ပါတယ် ။ ဒီအတွက် ကစားသမားတွေကို ကျွန်တော်တို့ ချီးကျူးရမှာပါ ။ ခံစစ် ကောင်းကောင်း ခုခံနိုင်တဲ့ ပြိုင်ဖက် အသင်းကို အခုလို ၄ဂိုး အထိ သွင်းနိုင်ခဲ့တာ ဟာ အံ့သြဖွယ်ကောင်းတဲ့ မှတ်တမ်း တရပ် ဖြစ်ပါတယ် ။ ”

” ကြီးမားတဲ့ ရလဒ်နဲ့ အတူ ဒီညနေခင် ဟာ ကျွန်တော်တို့ အတွက် လှပမှု ရှိခဲ့ပြီး ၊ ဒီလို အောင်ပွဲမျိုးကို သေသေချာချာ ခံစားဖို့လည်း အရေးကြီးပါတယ် ။ ဒါပေမယ့် မာန်တက်သွားလို့တော့ မဖြစ်ဘူးပေါ့ ။ မနက်ဖြန် တရက် ကျွန်တော်တို့ နားပါတယ် ။ ”

” ကစားသမားတွေ အားလုံးလည်း ဒီ နားရက် တရက်နဲ့ အပြည့်အဝ ထိုက်တန်မှု ရှိကြပါတယ် ။ လာမယ့် ကြာသပတေးနေ့မှာ ကျွန်တော်တို့ နောက်ပွဲ အတွက် ပြင်ဆင်ကြပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ လာမယ့် တနင်္ဂနွေနေ့မှာ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံ ကစားဖို့ ရှိနေပါတယ် ။

SPORTS MYANMAR