အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်တွေ ပွဲဆက်တိုက် ပြသပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် ယူ၂၃ အသင်း

အာဆင်နယ် အသင်းကြီးရဲ့လူငယ် အသင်း ဖြစ်တဲ့ ယူ၂၃ အသင်းဟာ ပရီးမီးယားလိဂ် ၂ မှာ comeback ပွဲတွေ ဆက်တိုက် လုပ်ပြလျှက် ရှိနေပြီး ဒီတစ်ပတ်မှာလည်း ဘလက်ဘန်း ယူ၂၃ အသင်းကို တစ်ယောက်လျှော့ အနေအထားကနေ အနိုင်ယူ သွားခဲ့ပါတယ် ။

အာဆင်နယ် ယူ၂၃ အသင်းဟာ ဘလက်ဘန်း ယူ၂၃ အသင်း နဲ့ ပွဲမှာ ဘီရက် ၊ ဟက်ချင်ဆန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် နော်တန်ကပ်ဖီ ထုတ်ခံရပြီးနောက် ချေပဂိုးတွေ ပြန်လည် ခွင့်ပြု ပေးခဲ့ရပါတယ် ။

အာဆင်နယ် ယူ၂၃ အသင်းဟာ ၁၀ ယောက်ထဲနဲ့ မိနစ် ၃၀ ကျော် ကစားခဲ့ရတာ ဖြစ်ပြီး ပွဲပြီးခါနီးမှာတော့ ဘာလိုဂန် က အဖိုးတန် အနိုင်ဂိုး သွင်းယူ ပေးသွားခဲ့ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် အာဆင်နယ် ယူ၂၃ အသင်းဟာ ပရီးမီးယားလိဂ် ၂ ရဲ့ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် ယူ၂၃ အသင်းဟာ ဘလက်ဘန်း ယူ၂၃ နဲ့ ပွဲမတိုင်မှီ လက်စတာ ယူ၂၃ နဲ့ ပွဲတုန်းကလည်း အံ့ဖွယ် comeback ပြသ ခဲ့ဖူးပါတယ် ။ အာဆင်နယ် ယူ၂၃ အသင်းဟာ လက်စတာ ယူ၂၃ အသင်းကို ၃ ဂိုးပြတ် ရှုံးနိမ့် နေရာကနေ ဒုတိယပိုင်း နာကျင် အချိန်ပိုမှာ ၃ ဂိုးပြန်သွင်းပြီး သရေ တစ်မှတ် ရယူ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် ယူ၂၃ အသင်း ဒီရာသီ ရလဒ်တွေ ကောင်းပြီး အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်တာမှာ အဓိက ကျတဲ့ ကစားသမား တစ်ဦးကတော့ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် ပါ ။ ဘာလိုဂန် ဟာ အာဆင်နယ် ယူ၂၃ အတွက် ဒီရာသီ ၉ ပွဲ ကစားရာမှာ ၁၁ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီး ပေးထားပါတယ် ။

ဒါ့အပြင် ဘီရက် ၊ ပါတီနို ၊ ဆာလာ အက်ဒီနေး ၊ ဟက်ချင်ဆန် ၊ လိုပက်ဇ် နဲ့ အကီနိုလာ တို့ဟာလည်း အာဆင်နယ် ယူ၂၃ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်ပြီး အသင်းကြီး နဲ့ အတူ မကြာခဏ လေ့ကျင့်ခန်း ဆင်းခွင့် ရနေသူတွေပါ ။

အာဆင်နယ် ယူ၂၃ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ရလဒ်တွေ ဆိုးရွားပြီး အဆင့်ရပ်တည်မှု မကောင်းခဲ့တာကြောင့် နည်းပြ စတိဗ်ဘိုးလ် နဲ့ လမ်းခွဲ ခဲ့ပြီးနောက် အင်္ဂလန် ယူ-၁၈ နည်းပြ ကီဗင် ဘက်စတီ ကိုနည်းပြ အဖြစ် ခန့်အပ် ခဲ့ပါတယ် ။

ဘက်စတီ လက်အောက်မှာတော့ အာဆင်နယ် ယူ၂၃ အသင်းဟာ ရလဒ်ပိုင်း တိုးတက်ကောင်းမွန်လာခဲ့ပြီး ၁၂ ပွဲ ကစား ၊ ၈ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၂ ပွဲ ရှုံး ၊ သွင်းဂိုး ၃၅ ဂိုး ၊ ပေးဂိုး ၂၃ ဂိုး ၊ ရမှတ်၂၆ မှတ် နဲ့ အမှတ်ပေး ဇယားကို ဦးဆောင် နေနိုင်ပါတယ် ။

SM