လာမယ့် ဇန်နဝါရီမှာ အာဆင်နယ် အသင်း အင်အား ဖြည့်တင်းရမယ့် နေရာကို ပြောပြလိုက်တဲ့ ရောဘတ်ပီရက်စ်

ဂန်းနား တောင်ပံ တိုက်စစ် ကစားသမားဟောင်း ရောဘတ် ပီရက်စ် က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် အသင်း အနေနဲ့ အင်္ဂလန် နောက်ခံလူတွေကို ပစ်မှတ်ထား ခေါ်ယူ သင့်တယ်လို့ အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ရာသီအစ သုံးပွဲဆက် ရှုံးပွဲကြုံပြီး အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေ ဆက်တိုက် ပြန်ကောင်းလာခဲ့ကာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစား နိုင်ခဲ့ပါတယ် ။

ဒီတစ်ပတ်မှာ အာဆင်နယ် အသင်းဟာ လီဗာပူး အသင်းကို ဂိုးပြတ် ရှုံးနိမ့်ပြီး ရှုံးပွဲ ပြန်ကြုံတွေ့ ခဲ့ရပေမယ့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည် နေနိုင်သေးပြီး အဆင့် ၄ က ဝက်စ်ဟမ်း အသင်း နဲ့ ၃ မှတ်အကွာ အနေအထားမှာ ရှိနေပါသေးတယ် ။

အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ပီရက်စ် က နှစ်သစ်မှာ အင်္ဂလန် နောက်ခံလူ တစ်ဦး ရအောင် ခေါ်ယူ သင့်ကြောင်း အသင်းဖော်လည်း ဖြစ်သလို လက်ရှိ အသင်းရဲ့နည်းစနစ် ဒါရိုက်တာလည်း ဖြစ်တဲ့ အီဒူး ကို တိုက်တွန်း သွားခဲ့ပါတယ် ။

ပီရက်စ် က The Mirror နဲ့ အင်တာဗျူးမှာ ” အာဆင်နယ် အသင်း အနေနဲ့ ဇန်နဝါရီ မှာ ငွေသုံးလို့ ရနိုင်မယ်ဆိုရင် နောက်ခံလူ နေရာအတွက် လူခေါ်သင့်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အသင်းမှာ သိပ်ကောင်းတဲ့ ကွင်းလယ် နဲ့ တိုက်စစ် ကစားသမားတွေ ရှိနေပါတယ် ။ ”

” ကျွန်တော့်အမြင်အရဆို အင်္ဂလိပ် ကစားသမားတွေကို ခေါ်ယူ သင့်ပါတယ် ၊ အသင်းမှာ အင်္ဂလိပ် ကစားသမားတွေ လိုအပ်ပါတယ် ၊ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အသင်း တစ်သင်း ဖြစ်တာကြောင့် အင်္ဂလိပ် ကစားသမား က လိုအပ်ပါတယ် ။ ”

” ဥပမာ အနေနဲ့ ပြောရရင် ကျွန်တော် အာဆင်နယ်မှာ ကစားခဲ့တဲ့ အချိန်တုန်းကဆိုရင် အသင်းမှာ အင်္ဂလိပ် နောက်ခံလူတွေ အဖြစ် တိုနီအဒမ် ၊ လီဒီဇွန် ၊ မာတင်ကီယွန် ၊ အက်ရှ်လေကိုးလ် တို့ ရှိနေကြပါတယ် ။ သူတို့က အသင်းရဲ့ အခြေခံ အုတ်မြစ်ပါပဲ ။ ”

” ကျွန်တော့် တစ်ဦးတည်း အမြင်အရ ပိုက်ဆံ သုံးမယ်ဆိုရင် အင်္ဂလိပ် နောက်ခံလူ တစ်ဦးကို ခေါ်ယူ သင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက အင်္ဂလန် နောက်ခံလူ ဘန်ဝှိုက် ကို ပေါင် သန်း ၅၀ နဲ့ ခေါ်ယူ ခဲ့ပါသေးတယ် ။

လက်ရှိ အာဆင်နယ် အသင်းကြီးမှာ အင်္ဂလန် ကစားသမားတွေ အဖြစ် ရမ်စ်ဒဲလ် ၊ ဘန်ဝှိုက် ၊ ဟိုးလ်းဒင်း ၊ ချိန်ဘာ ၊ နိုင်းလ်စ် ၊ ဆာကာ ၊ စမစ်ရို ၊ အန်ခီတီးယား နဲ့ ဘာလိုဂန် တို့ ရှိနေကြပါတယ် ။

SM