လီဗာပူး နဲ့ ပွဲက အာဆင်နယ် အသင်း ကစားသမား တစ်ဦးရဲ့စွမ်းဆောင်ရည်ကို rating 3 ပဲပေးလိုက်တဲ့ ကီဗင်ကမ်းဘဲလ်

ဂန်းနား တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် ဟာ လီဗာပူး အသင်းကို ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်း ကစားသမား တစ်ဦး ရဲ့ စွမ်းဆောင်ရည်ကို အားမလို အားမရ ဖြစ်နေပြီး rating ၃ သာ ပေးလိုက်ပါတယ် ။

စနေ့နေ့က ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ လီဗာပူး အသင်းကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ လီဗာပူး ကို အကောင်းဆုံး ယှဉ်ပြိုင် ကစား နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အမှားအယွင်းတွေ များပြီး ဂိုးတွေ ခွင့်ပြု ပေးခဲ့ရတာပါ ။

ပထမပိုင်းမှာ ရမ်စ်ဒဲလ် ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် အာဆင်နယ် အသင်းဟာ မာနေး ရဲ့ ခေါင်းတိုက် သွင်းဂိုး တစ်ဂိုးပဲ ခွင့်ပြု ခဲ့ရပါတယ် ။ဒါပေမယ့် ဒုတိယပိုင်းမှာ တာဗာရက်စ် ရဲ့ လူပေးမှားမှုကနေ ဂိုးထပ်ပေးလိုက်ရပြီးနောက် အာဆင်နယ် အသင်း ပြန်လာနိုင်ဖို့ ခက်ခဲ သွားခဲ့ရပါတယ် ။

ပေါ်တူဂီသားဟာ ဘောလုံးကို ဆွဲပြေးလာရာကနေ နောက်ကို အမှတ်မထင် ပြန်ပေးလိုက်တာ ဖြစ်ပြီး ပြိုင်ဘက် တိုက်စစ် ကစားသမား ဂျိုတာ ဆီ ဘောလုံး ရောက်ရှိ သွားကာ ဂျိုတာ က နောက်ခံလူရော ဂိုးသမားကိုပါ လိမ်ခေါက်ပြီး သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ် ။

အဲ့ဒီနောက်ပိုင်းမှာ အာဆင်နယ် အသင်းဟာ ဆာလာ ၊ မီနာမီနို တို့ရဲ့ သွင်းဂိုးတွေကို ထပ်မံ ခွင့်ပြု ပေးခဲ့ရပြီး ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရှုံးပွဲ မရှိ ဆိုတဲ့ စံချိန် မှတ်တမ်းကောင်း ရပ်တန့် သွားခဲ့ရပါတယ် ။ ရမ်စ်ဒဲလ် နဲ့ တိုမီယာစု တို့ အတွက်လည်း အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်း ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ် ကတော့ တာဗာရက်စ် ရဲ့အမှားဟာ ပွဲရဲ့အဓိက အဆုံးအဖြတ် ဖြစ်သွား ခဲ့ကြောင်း ဆိုပြီး ပေါ်တူဂီသားရဲ့စွမ်းဆောင်ရည်ကို rating 3 ပဲသတ်မှတ် ပေးလိုက်ပါတယ် ။

” သူ ဘယ်လို ဖြစ်လို့ အဲ့ဒီလို နောက်ကို ပြန်ပေးလိုက်တာလဲ ဆိုတာ ကျွန်တော် ခုထက်ထိ နားမလည် နိုင်ပါဘူး ။ တကယ် နားမလည်တာပါ ၊ တာဗာရက်စ် အမှားလုပ်ခဲ့မိတာကြောင့် သူ့ကို rating 3 ပဲ ပေးပါမယ် ၊ အဲ့ဒီ ဒုတိယဂိုးက ပွဲကို အဆုံးသတ် သွားစေခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ တီယာနေး ဒဏ်ရာရ ကြံ့ခိုင်မှု မပြည့်ဝ ဖြစ်နေချိန်မှာ တာဗာရက်စ် ကို ပွဲထွက် အသုံးပြု နေတာ ဖြစ်ပြီး ပေါ်တူဂီသားဟာ ရှေ့ပွဲတွေမှာတုန်းကတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ခဲ့ပါတယ် ။

SM