ယူနိုက်တက် နည်းပြ ရာထူးကို ရယူဖို့ စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်လာတဲ့ ပိုချက်တီနို

 

ယူနိုက်တက် ဟာ အိုလီဂန်နာ ဆိုးရှား ကို ရာထူးကနေ ထုတ်ပယ်ပြီး နောက်ပိုင်း လက်ထောက် နည်းပြ ဖြစ်သူ မိုက်ကယ် ကာရစ် ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။

အသင်း ဦးဆောင်သူတွေ အကြားမှာ နည်းပြသစ် ခန့်အပ်ဖို့ အဓိက ပစ်မှတ်တွေ ကို စည်းရုံး သိမ်းသွင်းဖို့ ခက်ခဲခဲ့ရင် ရာသီ အကုန်ထိ ကြားဖြတ် မန်နေဂျာ တစ်ဦး ခန့်အပ်ဖို့ ပြင်ဆင်ထားပြီး ၊ ရာသီ အကုန်ရောက်မှသာ တရားဝင် နည်းပြသစ် ခန့်အပ်ဖို့ လုပ်ဆောင်လာလိမ့်မယ်လို့ နားလည်ရပါတယ်။

လက်ရှိ အချိန်ထိတော့ ကြားဖြတ် မန်နေဂျာ ရာထူး နဲ့ ပတ်သက်ပြီး ဘယ်သူ့ကို ခန့်အပ်သွားမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူး။ တချို့ က မိုက်ကယ် ကာရစ် ရဲ့ ရှေ့လာမယ့်ပွဲ စွမ်းဆောင်ရည်တွေကို အကဲခတ်ကာ လက်ကျန် 6 လ အတွက် အချိန်ပေးသင့် ၊ မပေးသင့် ဆုံးဖြတ်သွားဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

ဆိုးရှား ကို ထုတ်ပယ်လိုက်သည့်တိုင်အောင် သူ့ရဲ့ လက်ထောက်နည်းပြတွေ ဖြစ်တဲ့ မိုက်ဖီလန် ၊ ကီရန် မက်ကင်နာ တို့ဟာ အသင်းမှာ ဆက်ရှိခဲ့ပြီး မိုက်ကယ် ကာရစ် နဲ့ အတူ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ယူဆရပါတယ်။

လက်ရှိ အချိန်ထိတော့ ကြားဖြတ် မန်နေဂျာ ရာထူးနဲ့ ပတ်သက်လို့ တရားဝင် ဆက်သွယ်တာမျိုးတွေ မရှိသေးပါဘူး။

အရှေ့အလယ်ပိုင်း ကလပ်တစ်ခုမှာ လုပ်ကိုင်နေတဲ့ ယူနိုက်တက် ကစားသမားဟောင်း လောရင့် ဘလန့် ၊ လိုကိုမိုးတစ် မော်စ်ကို မှာ အလုပ်လုပ်နေတဲ့ အားကစား ဒါရိုတ်တာ ရန်နစ် တို့ဟာ လျာထားစာရင်းမှာ ပါဝင်နေတယ်လို့ နားလည်ရပေမယ့် အခုချိန်ထိ တရားဝင် ဆက်သွယ်ထားတာမျိုးတွေ မရှိသေးဘူးလို့ နားလည်ရပါတယ်။

ဒါကြောင့် လာမယ့် ရက်ပိုင်း အတွင်းမှာ နည်းစနစ် ဒါရိုတ်တာ ဖလက်ချာ အတွက် အလုပ်ရှုပ်လာဖွယ် ရှိပြီး ၊ အရေးပါတဲ့ ဆုံးဖြတ်ချက် တချို့ကို ချမှတ်ရဖွယ် ရှိနေသလို ၊ အသင်းကို မောင်းနှင်မယ့် ပဲ့ကိုင်ရှင်နဲ့ ပတ်သက်ပြီးလဲ ရွေးချယ်မှုတွေ လုပ်ဆောင်သွားရဖွယ် ရှိနေပါတယ်။

Daily Mail ကတော့ ပိုချက်တီနို ဟာ ပီအက်စ်ဂျီမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ အခိုင်အမာ ဆိုလိုက်ပြီး ၊ ရာသီ အကုန်မှာ ယူနိုက်တက် မန်နေဂျာ ရာထူးကို လက်ခံ ရယူသွားဖို့ ဆန္ဒရှိနေတယ်လို့ ဒီမနက်မှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။

လက်ရှိ အချိန်ထိ လီဂူးဝမ်း ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ဆဲ ဖြစ်သည့်တိုင်အောင် နေမာ ၊ ဘာပေ ၊ မက်ဆီ တို့လို ပုံရိပ်မြင့် ဘောလုံးသမားတွေ ကို ကိုင်တွယ်ရတာ သူ့နဲ့ ကိုက်ညီမှု မရှိဘူးလို့ ယူဆနေဟန် ရှိပါတယ်။

ဒါကြောင့်လဲ ပဲရစ် ကလပ်နဲ့ 2023 ခုနှစ် အထိ စာချုပ်သက်တမ်း ချုပ်ဆိုထားသော်လဲ ၊ ပြင်သစ်မှာ အပြီးအပိုင် အခြေချခြင်း မရှိသေးပဲ ဟိုတယ်မှာပဲ နေထိုင်ကာ အလုပ်လုပ်ကိုင်လျှက် ရှိနေပါတယ်။ သူ့ရဲ့ မိသားစုတွေ ကတော့ လန်ဒန်မှာ ရှိနေတာပါ။

ပိုချက်တီနို က ရာသီအကုန်ထိသာ ယူနိုက်တက် ဘက်က စောင့်ဆိုင်းမယ် ဆိုရင် အဲဒီ ရာထူးကို လွှဲပြောင်းရယူဖို့ ဆန္ဒရှိနေတယ်လို့ Daily Mail က အခိုင်အမာ ဆိုထားပါတယ်။ တချို့သော သတင်းအရင်းမြစ်တွေမှာတော့ ဂန္တဝင် နည်းပြကြီး ဖာဂူဆန် နဲ့လဲ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို ၊ သူ့ရဲ့ ထောက်ခံချက် အပြည့်အ၀ ရရှိထားတယ်လို့ ဖော်ပြနေကြပါတယ်။

ပိုချက်တီနို ဟာ စပါး နဲ့ ဆောက်သမ်တန် အသင်းတွေကို တည်ဆောက်ပြခဲ့လို့ ပရီးမီးယားလိဂ် မှာ နာမည် တစ်လုံး နဲ့ ရပ်တည်ခဲ့သူ ဖြစ်ပြီး ၊ ဆိုးရှားကို မခန့်အပ်မီ အချိန်က ယူနိုက်တက် နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့ဖူးပါတယ်။

သို့သော် အဲဒီအချိန်က ကြားဖြတ် မန်နေဂျာ ဖြစ်လာတဲ့ ဆိုးရှားဟာ ရလာဒ်ကောင်းတွေ ဆက်တိုက် ရယူပြရင်းကနေ အမြဲတမ်း ရာထူးကို လက်ခံ ရရှိခဲ့ပါတယ်။

ယူနိုက်တက် ရဲ့ ဆန်ကာတင် စာရင်းမှာတော့ လက်စတာ နည်းပြ ရော်ဂျာ ၊ အေဂျက် နည်းပြ တန်ဟတ် ၊ စပိန် နည်းပြ လူးဝစ် အင်းနရစ် တို့လဲ ပါဝင်လျှက် ရှိနေပါတယ်။

SPORTS MYANMAR