ပရီးမီးယားလိဂ်မှာတုန်းက သူ့ကို ဒုက္ခအပေးနိုင်ဆုံး ကစားသမားကို ထုတ်ဖော်လိုက်ပြီး ဇာဗီကို ပက်နဲ့ ခိုင်းနှိုင်းလိုက်တဲ့ အဲရစ်ဂါစီယာ

 

ဘာစီလိုနာ နောက်ခံလူ အဲရစ်ဂါစီယာက လီဗာပူး စတား မိုဟာမက်ဆာလားဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့တုန်းက သူ့ကို ဒုက္ခအပေးနိုင်ဆုံး ကစားသမား ဖြစ်တယ်လို့ ထုတ်ဖော်သွားခဲ့ ပါတယ်။ အသက် ၂၀ အရွယ် စပိန် နောက်ခံလူဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးမှာ ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက သူ့ရဲ့ ငယ်ဘ၀ ကလပ် ဘာစီလိုနာကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ပြန်လည် ပြောင်းရွေ့ခဲ့သူ ဖြစ်ပါတယ်။

ဂါစီယာဟာ လွန်ခဲ့တဲ့ ၂၀၂၀ ဇူလိုင်လက လီဗာပူး နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ပါဝင် ကစားသွားခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ မန်စီးတီးဟာ အမှတ်ပေးချန်ပီယံ ပူပူနွေးနွေး ဖြစ်ထားခဲ့တဲ့ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ပွဲစဉ်က ဆာလားရဲ့ အရည်အသွေးဟာ ဂါစီယာကို သဘောကျစေခဲ့တာတော့ သေချာပါတယ်။

ဘယ်ကစားသမားဟာ ၄ကို ဒုက္ခအပေးနိုင်ဆုံး ဖြစ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ဂါစီယာက “လီဗာပူးက မိုဟာမက်ဆာလား ပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်လောက် တုန်းက လီဗာပူးနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ကျွန်တော် မှတ်မိနေပါသေးတယ်။ အဲဒီပွဲမှာတုန်းက ဆာလားကို ရင်ဆိုင် ကစားရတာဟာ အရမ်းကို ခက်ခဲပါတယ်။” လို့ ဖွင့်ဟသွားပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရိုးမား ကနေ လီဗာပူးကို ရောက်လာခဲ့သူ ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်နေပါတယ်။ ဆာလားဟာ လက်ရှိ ပရီးမီးယားလိဂ် သွင်းဂိုးဇယားမှာ ဦးဆောင်နေသူ ဖြစ်ပြီး ပွဲစဉ် ၁၂ အပြီးမှာ သွင်းဂိုး ၁၁ ဂိုးထိ သွင်းယူ ထားခဲ့ပါတယ်။

ဆက်လက်ပြီး ဂါစီယာက ဘာစီလိုနာ နည်းပြသစ် ဖြစ်တဲ့ ဇာဗီဆီမှာ သူ့ရဲ့ နည်းပြဟောင်း ဖြစ်သူ ပက်ဂွာဒီယိုလာရဲ့ အရည်အသွေးတွေကို မြင်နေရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘာစီလိုနာ ဂန္တဝင် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလအတွင်း ထုတ်ပယ်ခံခဲ့ရတဲ့ ရော်နယ်ကိုးမန်းရဲ့ နေရာမှာ အစားဝင်လာခဲ့သူ ဖြစ်ပြီး ၄ကိုင်တွယ်ခဲ့တဲ့ ပထမဦးဆုံး ပွဲစဉ်မှာ ဘာစီလိုနာဟာ ကတ်တလန် ပြိုင်ဘက် အက်ပန်ညော်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဇာဗီဟာ ဂွာဒီယိုလာရဲ့ လက်အောက်မှာ ၂၀၈ ပွဲ ကစားခဲ့သူ ဖြစ်ပြီး အဆိုပါ ၄ နှစ်တာ ကာလအတွင်း ဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဇာဗီရဲ့ လေ့ကျင့်ရေး အစီအစဉ် တစ်ချို့မှာ ပါဝင်ခဲ့ရပြီးနောက် ဂါစီယာက ၄တို့ နှစ်ဦးကြား တူညီတဲ့ အချက်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ဂါစီယာက “ဇာဗီဆီမှာ ပက်ဂွာဒီယိုလာ နဲ့ လူးဝစ်အန်ရီကေး တို့ရဲ့ အရည်အသွေးတွေကို ကျွန်တော် မြင်နေရပါတယ်။ သူဟာ ကလပ် ဂန္တဝင် ဖြစ်ပြီး အရမ်းကို တော်တဲ့ နည်းပြလည်း ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဓာတ် စွမ်းရည်နဲ့ character တွေဟာ ဒီအသင်း တိုးတက်လာဖို့ အတွက် အရမ်းကို အရေးပါပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM